#Local_News
Published_1 October 2022

 

အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းအထိ ဒေါ်လာဈေးနှင့် ရွှေဈေး ထပ်မံကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ၂၆၀၀ ကျပ်ထိဖြစ်လာကာ အခေါက်ရွှေ တစ်ကျပ်သား ၂၃ သိန်းဝန်းကျင်သာ ရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

ယနေ့ ဈေးအဖွင့်မှာပင် ဒေါ်လာဈေးသည် အဝယ်ဈေးနှုန်း တစ်ဒေါ်လာကို ၂၅၈၀ ကျပ် နှင့် အရောင်းဈေးနှုန်း ၂၆၃၀ ဖြစ်နေကြောင်း၊ ယင်းအပြင် ဗဟိုဘဏ်အနေဖြင့်လည်း ကန်ဒေါ်လာလဲလှယ်နှုန်းသည် တဖြည်းဖြည်းကျဆင်းလာမည်ဖြစ်ပြီး ဖြစ်သင့်သည့် နှုန်းထားကို မကြာခင်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ဒေါ်လာလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းသည် စံချိန်တင် မြင့်တက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာကိုင်ဆောင်မှုတွေကို ကန့်သတ်မှုများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို တင်းကြပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်လာလဲလှယ်နှုန်းသည် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် မြင့်တက်နေသည့်ရွှေဈေးနှုန်းကို ထိန်ချုပ်ရန်အတွက် ရွှေဒင်္ဂါးပြားများကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့်ကြမ်းခင်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၅၄၀၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group