#Local_News
Published_28 September 2022

 

အာဆီယံ ကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ဟွိုင်း (H.E. Dato Lim Jock Hoi) ၊ အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယလက်ထောက် ၊ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ဒေါက်တာကာ့တ်ကင်းဘယ်လ် (Dr. Kurt Campbell ၊ Deputy Assistant to the President and Coordinator for the Indo-Pacific Affairs ၊ National Security Council) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ ဒယ်နီရယ်ဂျေ၊ ခရစ်တင်ဘရင့် (Mr. Daniel J. Kritenbrink ၊ Assistant Secretary of State for East Asian and Pacific Affairs) တိုအား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အစီအစဉ်တွင် မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ၊သံအမတ် ဦးသက်ဝင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစီအစဉ်ကို စက်တင်ဘာလ ၂၆ ရက် ACW အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် သံအမတ်ကြီးက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ၊ သံအမတ် ဦးသက်ဝင်း အနေဖြင့် ဝါရှင်တန်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် အတူ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ယင်း အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဧည့်သည်တော်များနှင့် အဖွဲ့ဝင် အာဆီယံ သံရုံးအကြီးအကဲများက အာဆီယံ-အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group