#Local_News
Published_ 24 September 2022

 

လာမည့်(၂၀၂၃) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူအလုပ်ပိတ်ရက်များကို နစကမှထုတ်ပြန် ကြေညာထားပြီး သင်္ကြန်ပိတ်ရက်ရှည်(၉)ရက် အပါအဝင်တစ်နှစ်တာပတ်လုံးအတွက် အများပြည်သူတို့၏ ပိတ်ရက်စုစုပေါင်း(၂၇)ရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါ ပိတ်ရက်များကို မြန်မာနိုင်ငံအတွင်းရှိရုံးများ၏ ပိတ်ရက်နှင့်လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ(၂၅)အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်အဖြစ် နစကမှသြဂုတ်လ (၁၁)ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်၊၊

 

သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ရှည်ကို ၂၀၂၃ခုနှစ် ဧပြီလ (၉)ရက်မှ(၁၇)ရက်အထိ (သင်္ကြန်မတိုင်မီလေးရက်မှ စ၍ကိုးရက်တိတိ) ပိတ်သွားမည်ဟု ဖော်ပြပါရှိသည်၊၊

 

အခြားပိတ်ရက်ရှည်များအဖြစ် သီတင်းကျွတ်ကာလတွင်လည်း အောက်တိုဘာ(၂၈) ရက်မှ(၃၀)ရက်အထိ(၃)ရက်ပိတ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ပိတ်ရက် အနေဖြင့်လည်း နိုဝင်ဘာလ(၂၆)ရက်မှ(၂၇)ရက်အထိ(၂)ရက် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့သည် ၂၀၂၃ ခုနှစ်အတွင်း ကျရောက်ခြင်းမရှိကြောင်းနှင့် အီဒုသ်အဿွဟာနေ့(ကုရ်ဘာနီ အီးဒ်)နေ့နှင့် ဒီပဝါလီနေ့ကျရောက်မည့်နေ့များကို သီးခြားကြေညာမည်ဖြစ်ကြောင်းနှင့် ဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်ရှည်များကို ၂၀၂၁ခုနှစ်က သင်္ကြန်ပိတ်ရက်(၅)ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်နှင့် စုစုပေါင်းပိတ်ရက်(၇) ရက် ပိတ်ခဲ့ပြီး ၂၀၂၂ခု နှစ်တွင် သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ရှည်(၉)ရက်နှင့် ယခုလာမည့် ၂၀၂၃ ခုနှစ်တွင် သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ရှည်(၉)ရက်ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group