#Local_News
Published_ 24 September 2022

 

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာများ၊ နည်းပညာနှင့်သုတေသနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင်ကျင်းပသည့် 'စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေး'သို့ တက်ရောက်ရင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်၊၊

 

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံများ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယအစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ ရင်းနှီးမြုပ်နှံနိုင်ရေး၊ သီးနှံထုတ်လုပ်ရောင်းချနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်လာသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သုတေသနနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်၊၊

 

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar ဦးဆောင်သောအဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်သော ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့တွေ့ဆုံ၍ နှစ်နိုင်ငံ၏ နည်းပညာနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံများ၏ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ အစည်းများ ရင်းနှီးမြုပ်နှံလိုသူများ ပါဝင်ဆောင်ရွက်နိုင်ရေး၊ သီးနှံထုတ်လုပ်ရောင်းဝယ်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) မှ Mr. ASHWANI KUMAR ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အောက်တွင် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများကို နိုင်ငံပိုင် စီးပွားရေးကော်ပိုရေးရှင်းပုံစံဖြင့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်လာသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သုတေသနနှင့် မျိုးစေ့ထုတ်လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းများတွင် ခင်းကျင်းပြသထားသော အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်းဝင် လူး၊ ဆပ်၊ နှံစားပြောင်းမျိုးများ၊ သုတေသနပြုရရှိသော နှံစားပြောင်းမျိုးများ၊ အဆိုပါနှံစားသီးနှံများကို အခြေခံထုတ်လုပ်ထားသည့် ခေါက်ဆွဲများ တန်ဖိုးမြင့် စားသောက်ကုန်လုပ်ငန်းများ၊ အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်း သစ်သီးဝလံသုတေသန လုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သုတေသန ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ လူး၊ ဆပ်၊ နှံစားပြောင်း သီးနှံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှား ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် သီးနှံများဖြစ်သဖြင့် “၂၀၂၃ခုနှစ်ကို နိုင်ငံတကာ လူး၊ ဆပ် သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/tthl
#Yangon_Media_Group