#Local_News
Published _ 22 September 2022

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၃၄ ဦးကို စက်တင်ဘာလ ၂၀ ရက်က ကန်ကျနဘူရီခရိုင်မှာ ဖမ်းဆီးခဲ့ရကြောင်း ကန်ကျနဘူရီဒေသ သတင်းဌာနတွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို တားဆီးနိုင်ရန် ထိုင်းအစိုးရအနေနှင့် မူဝါဒချမှတ်ထားသောကြောင့် ကန်ကျနဘူရီခရိုင်အခြေစိုက်စူရစီတပ်၊ လာ့တ်ရာ့အထူးတပ်ဖွဲ့ကဒေသအတွင်း ကင်းလှည့်စစ်ဆေးခြင်း၊ စစ်ဆေးရေးဂိတ်ဖွင့်ပြီး စစ်ဆေးခြင်း စသည်များကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေလျက်ရှိသည်။

 

ကန်ကျနဘူရီခရိုင်မှာ စစ်ဆေးရေးဂိတ်ဖွင့် စစ်ဆေးခဲ့ရာမှ စက်တင်ဘာလ ၂၀ ရက်ညက တရားမဝင် မြန်မာလုပ်သား ၃၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

 

ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သား အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၅ ဦးဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ဒေသများမှ ဖြစ်ကြောင်းလည်း သိရသည်။

 

ထိုင်းတွင် အလုပ်ရရှိရန် အလုပ်သမားပွဲစားကို ဘတ်တစ်သောင်းမှ ဘတ်သုံးသောင်းအကြားပေး၍ လာရောက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

 

ဖမ်းဆီးခံရသူများကို အရေးယူရန် ဒေသရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group