#Local_News
Published_ 22 September 2022

 

စက်တင်ဘာလ အတွင်း ဓာတ်ဆီ ၈၀၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃၀၉၅ ဒသမ ၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃၅၉၄ ဒသမ ၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ ၅၁ ဒသမ ၁၇ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၆၀ ဒသမ ၃၉ ဂါလန်သန်း၊ MT Yu Hai သင်္ဘောသည် 92 Ron ၄၂ ဒသမ ၃၃ ဂါလန် သန်းနှင့် ဒီဇယ်ဆီ ၉၂ ဒသမ ၂၅ ဂါလန်သန်းကို ဆီချလုပ်ငန်းဆောင်ရွက်နေပါတယ်။

 

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာတဲ့စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက “စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS ဈေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ်တို့ကို အခြေခံကာ တွက်ချက်ထုတ်ပြန်ပေးခြင်း ဖြစ်ပါတယ်။

 

တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း MOPS ဈေးနှုန်း မြင့်တက်မှုကြောင့် စက်တင်ဘာ ၂၁ ရက်တွင် စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။

 

ကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း နှင့်ပူးပေါင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီ လိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ် မူတည်၍ ခွဲဝေဖြန့်ဖြူး ပေးနေတယ်လို့ ဆိုပါတယ်။

 

အချို့တိုင်းဒေသကြီး/ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီ တင်သွင်းမှုများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group