#Local_News
Published _13 September 2022

 

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Vienna International Centre တွင် စက်တင်ဘာလ ၁၂ ရက်က စတင်ကျင်းပနေသော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ (Board of Governors) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက Non-Board Member အဖြစ် တက်ရောက်လျက် ရှိကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးကို ပုံမှန်အားဖြင့် (၅)ရက်ခန့်ကြာ ကျင်းပလေ့ရှိကြောင်း၊ ယခု ကျင်းပနေသည့်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ နှစ်အတွင်း လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခဲ့မှု၊ ၂၀၂၄-၂၀၂၉ ကာလလတ်အတွက် မဟာဗျူဟာ၊ နျူကလီးယားနှင့် ဓါတ်ရောင်ခြည်သင့်မှုအန္တရာယ်ကင်းရှင်းရေး(Nuclear and radiation safety)၊ နျူကလီးယား လုံခြုံရေး (Nuclear security)၊ နျူကလီယားသိပ္ပံ၊ နည်းပညာနှင့် အသုံးချမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးနှင့် နိုင်ငံများ၏ နျူကလီးယားဆိုင်ရာ ဆောင်ရွက်မှုများ လုံခြုံမှုရှိစေရေး (Nuclear verification and safeguard measures) တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

IAEA တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံ ပါဝင်ပြီး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ( ၂ နှစ် သက်တမ်းအတွက်) နိုင်ငံပေါင်း (၃၅) နိုင်ငံကို ဒေသအုပ်စုအလိုက် နှစ်စဉ်ရွေးချယ်တင်မြှောက်လေ့ရှိကြောင်း၊ အေဂျင်စီ၏ အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးများကို တစ်နှစ်လျှင် (၅)ကြိမ်ခန့် ကျင်းပလေ့ရှိကြောင်း၊အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို လွန်ခဲ့သော ၁၉၅၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင်စတင်ထူထောင် ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#ymg/mt
#Yangon_Media_Group