#Local_News
Published _13 September 2022

 

ဒေသတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများအပြီးသတ်နိုင်ရန် အချိန်ကာလခန့်မှန်းရန်ခက်နေသေးကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

 

ဒေသတွင်း မတည်ငြိမ်မှုများကို အပြီးသတ်ဖြေရှင်းနိုင်ရန်အတွက် အချိန်ကာလ မည်မျှလိုအပ်မည်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက်က မေးမြန်းစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

 

"အချိန်ကိုတော့ ခန့်မှန်းဖိုတော့ နည်းနည်းတော့ခက်တယ်။ ကျွန်တော်တို့အစိုးရကနေ သတ်မှတ်ထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းရှိပါတယ်။ EAOs လို ကျွန်တော်တို့ခေါ်ကြပါတယ်။ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖိတ်ခေါ်ပြီးတော့ လုပ်နေပါတယ်။ သူတို့နဲ့ ကျွန်တော် အခုတွေ့ဆုံတာ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေရနေပါပြီ။ အဲဒီကနေပြီးတော့ သူတို့ ဘာကိုဖြစ်ချင်တာလဲ။ တိုင်းပြည်ဘာဖြစ်သင့်သလဲ။ ဒီလိုမျိုး ညှိနှိုင်းပြီးတော့ဖြစ်နိုင်တာ ဘာရှိမလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရှာပြီးတဲ့အချိန်မှာတော့ ဒီခုနပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထဲကနေ နယ်မြေတွေကနေ လမ်းကြောင်းတွေကနေ ထောက်ပံ့ပေးနေတဲ့ဟာတွေဟာ ရပ်တန့်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု ယင်းက ပြောသည်။

 

ဆူပူအကြမ်းဖက်မှုတွင် တိုင်းရင်းသားများ၏ အခွင့်အရေးကို တောင်းဆိုသော အရင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၂၀၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့ ဟူ၍ ရှိကြောင်း၊ယင်းတွင် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၆ ဖွဲ့ ကျန်နေသေးသဖြင့် ယခုအခါ ဆွေးနွေးရန် ပြင်ဆင်နေကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

 

ယင်းအပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ပေါ်မူတည်၍ ဖြစ်ပေါ်လာသော ဆူပူအကြမ်းဖက်သည့်အဖွဲ့အစည်းများ ရှိနေပြီး ယင်းတို့နှင့် ဆွေးနွေးရန် အကြောင်းမရှိ ၊ ဥပဒေအရ လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

"လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ လက်မှတ်ရေးထိုးပြီးသား အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးနေတာ ရှိတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးဖို့ ကျန်သေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကို ကျွန်တော် ဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ချက်တွေဟာ သူတို့နိုင်ငံရေးမျှော်မှန်းချက်ပေါ်မှာ လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒါကတော့ အောင်မြင်မှုရမယ်လို ယုံကြည်ပါတယ်။ ကျွန်တော့်မှာ နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေးထားပါတယ်။ တစ်ခုကတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကျွန်တော့်နိုင်ငံကမလွဲမသွေ လျှောက်လှမ်းရမယ်။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ပေးထားတယ်။ ဒါကလူတိုင်းလိုချင်တဲ့ သဘောအယူအဆ တောင်းဆိုချက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် ပပျောက်လိမ့်မယ်လို့ ပြောခြင်းဖြစ်ပါတယ်"ဟု ယင်းကဆိုသည်။

 

သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအခြေအနေမှာ ထိန်းချုပ်နိုင်သည့် အခြေအနေတော့ရှိပြီဟု အကြမ်းဖျင်းအားဖြင့် ပြောနိုင်ကြောင်း နစက ဥက္ကဌက ဆိုသည်။

 

" ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတော့ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့ရတာတော့ ရှိပါတယ်။ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့သလို ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း တော်တော်များများ ရှိခဲ့တာကိုလည်း ကျွန်တော်တို့ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ နောက်ပိုင်းမှာတော့ ဖြစ်ပွားမှုတွေက တော်တော်ကျဆင်းလာတာကို ကျွန်တော်တို့ တွေ့ပါတယ်။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရောက်ပြီလို့ ပြောရပါမယ်။ သို့သော်လည်း အားလုံးကင်းစင်သွားပြီလား ဒီလိုတော့ မဟုတ်သေးပါဘူး။ တချို့ပြည်နယ်နဲ့တိုင်း တချို့တွေမှာတော့ ကျန်နေပါသေးတယ်။ ဒါလည်း ကျွန်တော် ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေတယ်ဆိုတာလေးကို ပြောချင်ပါတယ်"ဟု ယင်းက ဆိုသည်။

 

ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အနောက်နိုင်ငံအချို့ကလက်နက်များ ထောက်ပံ့တယ်သည်ဆိုသော အချက်နှင့်ပတ်သက်၍ မေးမြန်းစဉ် ပြီးခဲ့သည့် သြဂုတ်လကုန်ထိ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ် စသည့်ဖြင့် လက်နက်ပေါင်းသုံးထောင်ခန့် ၊ ကျည်ဆန်သုံးသိန်းကျော်ခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းပမာဏမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော လက်နက်ခဲယမ်းမီးကျောက်များ ဖြစ်ကြောင်း၊ ယင်းကြောင့် ပို့ဆောင်ရေး လမ်းကြောင်းများကို ဖော်ထုတ်ဖမ်းဆီးနေကြောင်းလည်း ပြောကြားခဲ့သည်။

 

#ymg/mt
#Yangon_Media_Group