#Local_News
Published - 7 September 2022

 

ပြည်တွင်း၌ ရာဘာခြံများပြန်လည်စဖွင့်ချိန် ကမ္ဘာရာဘာစျေးမှာ ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံ မှသိရသည်။

 

ပြည်တွင်းရာဘာမှာ ပြည်ပတင်ပို့မှုသာ အဓိကရှိပြီး ပြည်တွင်းသုံးစွဲမှုနည်းသည့် ပစ္စည်းဖြစ်သောကြောင့် နိုင်ငံတကာစျေးပေါ်တွင် မူတည်ကြောင်း၊ လက်ရှိကမ္ဘာ့စျေးကျဆင်းနေ၍ ပြည်တွင်း ရာဘာစျေးပါကျဆင်းနေကြောင်း ရာဘာလုပ်ငန်းရှင်တချို့၏ ပြောပြချက်အရ သိရသည်။

 

ရာဘာခြံများ ပြန်လည်စဖွင့်ချိန်ဖြစ်၍ အချို့ခြံများသည် အနည်းငယ်ထွက်ရှိသေးသောကြောင့် စျေးနှုန်းသေချာသတ်မှတ်ရောင်းချခြင်းမရှိသေးပဲ အဆင်ပြေသည့်စျေးဖြင့်ရောင်းချနေကြောင်းသိရသည်။

 

ပြည်ပလိုအပ်ချက်များရှိနေပြီး ဒေါ်လာစျေးမှာလည်း အမြင့်စျေးတွင် ရှိနေသောကြောင့် ရာဘာစျေးမှာ တစ်ထောင်အထက်တွင်သာ ရှိနေခြင်းဖြစ်ကြောင်း၊ ရာဘာကို တစ်နိုင်ငံလုံးစိုက်ဧက တစ်သန်းခြောက်သိန်းနှင့်လေးသောင်းကျော်ထိရှိပြီး လက်ရှိပြည်တွင်း လက်ကျန်တန်ချိန် ၃သောင်းခန့် သာကျန်မည်ဖြစ်ကြောင်းသိရသည်။

 

လက်ရှိတွင် မြန်မာ့ရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသိုအဓိက တင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း ၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ နှစ်စဉ်ရာဘာတန်ချိန် သုံးသိန်းခန့်တင်ပို့လျက်ရှိပြီး ရာဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာ မိုးရွာသီတွင် ရာဘာလုပ်ငန်းများရပ်နားလျက်ရှိကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group