#Local_News
Published - 7 September 2022

 

တောင်ကိုရီးယားအလုပ်အကိုင်(EPS) စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စစ်ဆေးနေဆဲဖြစ်ခြင်းကြောင့် စာမေးပွဲကျင်းပမယ့်ရက် မကြေညာနိုင်သေးခြင်းဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနထံမှ သိရသည်၊၊

 

ဖြေဆိုခွင့်လျှောက်ထားသည့် လျှောက်လွှာများက များပြားပြီးအွန်လိုင်းမှ လျှောက်ရမည်ဖြစ်ကြောင်းနှင့် ဖြည့်ထားသည့် အချက်အလက်များကို တင်ပြီးမှ အချိန်ယူပြန်စီစစ်နေရကြောင်း ယင်းဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

"စီစစ်တာကို ကိုရီးယားဘက်ကအဖွဲ့က လုပ်နေတာပေါ့။ အမှားအယွင်းနည်းအောင် အချိန်ယူလုပ်နေရတဲ့သဘောပါ။ အဲဒီကိစ္စတွေပြီးပြတ်ရင် ကြေညာပေးနိုင်ပါလိမ့်မယ်"ဟု သူက ပြောသည်။

 

ယခုရက်ပိုင်း၌လည်း လျှောက်ထားသူများထဲမှ ဓာတ်ပုံနှင့် ပတ်စပို့ပုံ မထင်ရှားသည့် လျှောက်လွှာပိုင်ရှင်များကို ပုံအသစ်များ ပြန်ပို့ပေးရန်လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က အသိပေးခြင်းများ ဆက်တိုက်လုပ်နေကြောင်း သိရှိရသည်။

 

ထိုစာမေးပွဲကို မူလက သြဂုတ်လ ၁၆ရက်မှာ စတင်ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ယခုချိန်ထိ မကျင်းပနိုင်သောကြောင့် ဝေဖန်မှုများ ရှိနေသည်။

 

EPS စာမေးပွဲဖြေဆိုခွင့်လျှောက်ထားခြင်းအား ဇူလိုင်လက ခွင့်ပြုခဲ့ပြီး လျှောက်ထားသူ ၃၇,၀၀၀ ကျော်ရှိနေကြောင်း POEA က ထုတ်ပြန်ထားသည်။

#ymg/NN
#Yangon_Media_Group