#Local_News
Published_30 August 2022

 

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ သြဂုတ်လအတွင်းတွင် မြန်မာနိုင်ငံသား ၄၈၀ ကျော် ပြည်တော်ပြန်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။

 

အဆိုပါ ပြည်တော်ပြန်များမှာ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် နေထိုင်နေသူများဖြစ်ပြီး ယင်းတို့ကို မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြည်တော်ပြန်ပြီး အရေအတွက်မှာ သြဂုတ်လ ၄ ရက်တွင် လင်ကင်းကန့်၊ KLIA ထိန်းသိမ်းရေးစခန်းနှင့် BELANTIK ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၉၈ ဦး၊ သြဂုတ်လ ၁၁ ရက်တွင် Bidor ကန့်၊ Perlis ထိန်းသိမ်းရေးစခန်းနှင့် Juru ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၆၄ဦး၊ သြဂုတ်လ ၁၈ ရက်တွင် Belantik ကန့်၊ Tanah Merah ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၁၅၅ဦး၊ သြဂုတ်လ ၂၅ ရက်တွင် Semenyih camp၊ Malaka camp၊ Paranang camp၊ Tanah Metah camp၊ Pekan Nenas camp တို့မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူ စုစုပေါင်း( ၁၆၆) ဦး ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၃)ဦး အား သွားရောက်တွေ့ဆုံကာ အထောက်အထားပြည့်စုံသည့် မြန်မာနိုင်ငံသားများဖြစ်ပါက မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့ပေးနိုင်ရန် သြဂုတ်လ ၂၉ ရက်တွင် သွားရောက်တွေ့ဆုံခဲ့သေးကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group