Published_29 August 2022

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်ကို ဩဂုတ်လ ၂၂ ရက်တွင် ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် ထွန်းထွန်းဟန်(ခ)ဝသုန် အား ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ်လ ၂၃ ရက်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက အနေဖြင့် ထုတ်ပြန်လိုက်သည်။

ယင်း၏ထွက်ဆိုချက်အရ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကင်းစုရပ်ကွက်၌ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်း တို့အားလည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းအနီးရှိ (ဌ)ဈေး၌ အောင်ဇော်မြင့်(ခ)စစ်နိုင်နှင့် သန့်စင်တို့အား လည်းကောင်း၊ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ သရဖီလမ်း၌ မျိုးမင်းဇော်(ခ)ပါကျဲ အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်း၌ နေထိုင်သည့် ဆက်စပ်တရားခံ ထိန်လင်း၏နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ ထိန်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သံသယတရားခံများဖြစ်သည့် သူဇာသင်းနှင့် ဉာဏ်ထက်ဇံ တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ယင်းကြောင့် စုစုပေါင်း အမျိုးသားကျား ၇ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းတို့အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဧပြီလ ၁၀ ရက်တွင် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ ဇော်ဂျီလမ်း လုံခြုံရေးဂိတ်ကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ဇူလိုင်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၊ ဘူတာရုံအနီးရှိ ရထားလမ်းလွှဲပြုလုပ်သော Control Box ကို လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ymg/mt
#Yangon_Media_Group