#LocalNews
Published - 28 August 2022

 

ပြည်တွင်း၌ ဆန်လက်ကျန်အခြေအနေမှာ မိုးစပါးသစ်မထွက်ပေါ်မီအချိန်ထိ ဖူလုံပိုလျှံသည့်ပမာဏဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် ဆန်လက်ကျန်ဖူလုံမှုရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုပိုလျှံမှသာလျှင် ပြည်ပတင်ပို့မှုအား ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ပသို့ဆန်တင်ပို့ရာတွင်လည်း ပြည်တွင်းဖူလုံမှုကို ဦးစားပေးတွက်ချက် ချန်လပ်ပြီးမှသာလျှင်စီစစ်၍ စနစ်တကျ တင်ပို့ခွင့်ပြုနေကြောင်း သိရသည်။

 

ပြည်တွင်း၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁ ဒသမ ၅ သန်းခန့်ရှိပြီးစပါးထွက်ရှိမှုမှာ တင်းသန်းပေါင်း ၁၀၈၈ ရှိပြီး နွေစပါးစိုက်ဧကမှာ ၂ သန်းရှိကာ တင်းသန်းပေါင်း ၂၁၃ သန်းထွက်ရှိခဲ့သည့်အတွက် စုစုပေါင်းစပါးတင်းသန်းပေါင်း ၁၃၀၁ သန်း ထွက်ရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

 

ပြည်တွင်းရှိ လူဦးရေ ၅၅ သန်းစားသုံးရန်လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုပမာဏမှာ ၂ ဒသမ ၈၈ သန်းခန့်ဖြစ်ကြောင်း၊ ယင်းအပြင် ၂၀၂၂ ခုနှစ်အတွင်း သြဂုတ်လကုန်ထိ ပြည်ပတင်ပို့မှုပမာဏမှာ ဆန်တန်ချိန် ၁ ဒသမ ၃၃၈ သန်းနှက့် ဆန်ကွဲတန်ချိန် ၀ ဒသမ ၈၀၈ သန်းသာဖြစ်သည့်အတွက် သြဂုတ်လကုန်တွင် ပြည်တွင်း၌ ဆန်လက်ကျန်တန်ချိန် ၃ ဒသမ ၆၃၅ သန်းခန့်ရှိကြောင်း သိရသည်။

 

အဆိုပါဆန်လက်ကျန်များသည် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လစာပြည်တွင်းစားသုံးရန်လိုအပ်ချက်ပမာဏမှာ ဆန်တန်ချိန်၃ ဒသမ ၁၃၄ သန်းသာဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စက်တင်ဘာလကုန်တွင် ယခုနှစ်မိုးရယသီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅ သန်းမှာစတင်ထွက်ပေါ်လာမည်ဖြစ်၍ ပြည်ပသို့ ဆန်တင်ပို့မှုပုံမှန်အတိုင်း တင်ပို့နိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရယမရှိကြောင်း ရှင်းလင်းပြောကြားထားသည်။

 

Ymg/STH
#Yangon_Media_Group