#Local_News
Published -10 August 2022

 

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့တွင် တရားမဝင်နေထိုင်သည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ဩဂုတ် ၉ ရက် ည၌ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ရဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခံရကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

 

နိုင်ငံခြားသားများ တရားမဝင်နေထိုင်နေသည်ဆိုသည့် သတင်းပေးချက်အရ လဝက စီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ညက လူနေအဆောက်အအုံ ခြောက်ခုရှိ နိုင်ငံခြားသား ၄၂၅ ဦးကို ညသန်းခေါင်အချိန်မှာ ဝင်ရောက်စစ်ဆေးခဲ့ ခြင်းဖြစ်ပြီး သော့ပိတ်ထားသည့်အခန်းများကို ထုရိုက်ဖွင့်ပြီးရှာဖွေမှုများ လုပ်ခဲ့ကာ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အော်ပရာစီ စီမံချက်ကနေ တရားမဝင် နိုင်ငံခြားသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦး၊ ကလေး ၂ ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂ နှစ်အရွယ်ကနေ ၅၅ နှစ်အရွယ် အထိပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းဖမ်းဆီးခံရသူတွေများမှာ မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ၉ ဦး၊ သီရိလင်္ကာ ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ပါဝင်ကြောင်း သိရသည်။

 

ယင်းအပြင် ဖမ်းဆီးခံရသူအများစုသည် အထောက်အထားမရှိ ခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေ ခြင်း၊ Work Permit သက်တမ်းကုန်နေ ခြင်းများတွေ့ရှိရသလို မြန်မာအလုပ်သမားအချို့မှာ UNHCR က ထုတ်ပေးထားသည့် ဒုက္ခသည်ကတ် ကိုင်ဆောင်ပြီး မိသားစုအလိုက် နေထိုင်နေကြကြောင်းလဝက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းဖမ်းဆီးခံရသူများကို ဆက်လက်မေးမြန်းစစ်ဆေးရန်အတွက် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာသို ခေါ်ဆောင်ခဲ့ပြီး မလေးရှားလူဝင်မှုကြီးကြပ် ရေးဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သူများပြားနေ ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများ၏ ပြောပြချက်အရ သိရသည်။

ymg/sth
#Yangon_Media_Group