#Local_News
Published_10 Aungust 2022

 

မလေးရှားနိုင်ငံတွင် တံတားပေါ်မှပြုတ်ကျခဲ့သည့် သားအဖလေးယောက်ဖြစ်စဉ်မှ ဆလာယန်းဆေးရုံ၌ဆေးကုသမှုခံယူနေရသော ဒဏ်ရာရ ၃ နှစ်သားကလေးငယ် Shadrah Vabeichopha ကျန်းမာရေးမှာအသက်ရှူပုံမှန် ပြန်ဖြစ်လာပြီးနောက် ယခုအခါ အရေးပေါ်အခန်းမှ သီးသန့်ဆောင်သို့ပြောင်းရွေ့ခွင့်ရပြီဖြစ်ကြောင်း မလေးရှား မြန်မာလူမှုကူညီရေးအသင်း ကသိရသည်။

 

"ကလေးငယ်ဟာ သူ့အမေကိုသိတဲ့ အသိစိတ်ပြန်လည်ဝင်ရောက်လာပြီး သတိရခါစပြုလာခဲ့ပါပြီ၊ အဖက်ဖက်ကလိုလေသေးမရှိအောင် ဆရာဝန်၊ ဆရာမတွေရဲ့ ကူညီမှုကြောင့် ဒီနေ့ (ICU)အရေးပေါ်ကုသနေသောအခန်းကနေ သီးသန့်ဆောင်ကို ပြောင်းရွေ့ခဲ့နိုင်ပါပြီ။ သူ့အမေနဲ့ တွေ့ခါစမှာ ကလေငယ်က အဖေ ၊ အမနဲ့ အကိုတွေကို တွေ့ချင်တယ်လို့ ဖြေးဖြေးလေး မေးခဲ့ပါတယ်၊ ကလေးငယ်ဒီထက်ကောင်းမွန်လာစေဖို့ရန် ဆေးဆက်လက်ကုသရပါအုံးမယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း နံရိုး နှင့် ခြေထောက်တွေ ၊ ဦးခေါင်းပိုင်းတွေကို ဆေးဆက်လက် ကုသသွားရပါအုံးမယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နံနက်၅နာရီခွဲခန့်အချိန်က မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား အသက် ၃၈ နှစ်အရွယ်ရှိဖခင်ဖြစ်သူ Cholei က အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose နှင့် ၃ နှစ်အရွယ် သား Shadrah Vabiechopha တို့ကို မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှ အရင်ဆုံးပစ်ချကာ သူ့ကိုယ်သူလည်း ခုန်ချမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ယင်းကြောင့် ဖခင်ဖြစ်သူ Cholei နှင့် အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose တို့ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားသောကြောင့် သြဂုတ်လ ၄ ရက်က စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင် ဆုတောင်းပွဲကျင်းပကာ မြေသို့ အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

 

photo-Kepongfreefuneralserv
ymg/mt
#Yangon_Media_Group