Published- 6 Sept 2021
နော်ဝေးနိုင်ငံရဲ့ တယ်လီနော်မြန်မာ ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူခဲ့တဲ့ လက်ဘနွန်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ M1 အုပ်စုက လာမယ့်သုံးနှစ်အတွင်း အဲဒီလုပ်ငန်းအတွက် ဒေါ်လာ သန်း ၃၃၀ အသုံးပြုသွားမယ်လို့ ပြောဆိုကြောင်း ဘလွမ်းဘတ်သတင်း ဌာနက သတင်းပေးပို့ပါတယ်။
 
အဲဒီငွေတွေကို ကွန်ယက်ချဲ့ထွင်ခြင်း၊ Broadband အခြေခံအဆောက်အအုံနှင့်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ အမ်ဝမ်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် အက်ဇ်မီ တီ မစ်ကက်တီက အင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။
 
ဇူလိုင်လတုန်းက တယ်လီနောမြန်မာကို ဒေါ်လာ ၁၀၅သန်းနှင့် ရောင်းချဖို့ သဘောတူခဲ့ကြပါတယ်။ စည်းမျဉ်းဆိုင်ရာအဖွဲ့အစည်းက အတည်ပြုပေးဖို့ ရွှေ့ဆိုင်းထားပေမယ့် လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ သုံးစွဲသူ ၁၉သန်းရှိထားတဲ့ တယ်လီနော မြန်မာလုပ်ပိုင်ခွင့်ကို ဘေရွတ်အခြေပြု အုပ်စုကို ပေးပါလိမ့်မယ်။ တယ်လီနောဟာ မြန်မာနိုင်ငံရဲ့ အဓိက ဆယ်သွယ်ရေးကုမ္ပဏီလေးခုထဲက တစ်ခုဖြစ်ပါတယ်။
 
“ စိန်ခေါ်နေတဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ခွာခွာနေမယ့်အစား နိုင်ငံရေးအခြေအနေ ဘယ်လိုပင်ရှိစေ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်ဝန်ဆောင်မှုနှင့် အတူနေထိုင်ကြတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ကတိကဝတ်ပြုပါတယ်” လို့ မစ်ကက်တီက ပြောပါတယ်။
 
“ တယ်လီဖုန်းဆက်သွယ်ရေးဟာ မရှိမဖြစ်လုပ်ငန်းပါ။ အထူးသဖြင့် စိန်ခေါ်နေတဲ့ အခြေအနေမျိုးတွေမှာပေါ့” လို့လည်း သူကပြောပါတယ်။
အမ်ဝမ်းအုပ်စုဟာ ဟိုးလ်ဒင်းကုမ္ပဏီတစ်ခုဖြစ်ပြီး ဘီလျံနာ မစ်ကက်တီမိသားစုက ပိုင်ဆိုင်ထားပါတယ်။ အဲဒီအထဲမှာ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ်သတ်မှတ်ခံထားရသူ နာဂျစ်မစ်ကက်တီလည်းပါဝင်ပါတယ်။
 
သူတို့ဟာ တောင်အာဖရိက စာရင်းဝင် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ အမ်တီအင်န် အုပ်စုလိမိတက်နှင့် ဖက်ရှင်ဆိုင် Pepe Jeans နှင့် နယူးယေက်၊လန်ဒန်၊ဘေရွတ်တို့က အိမ်ရာလုပ်ငန်းများစွာမှာ ရင်းနှီးမြှပ်နှံထားပါတယ်။ မြန်မာနိုင်ငံက တယ်လီကွမ်း တာဝါလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုမှာလည်း ရှယ်ယာထည့်ထားပါတယ်။
“ လိုလိုလားလားရှိမှု ဒါမှမဟုတ် အဆင်သင့်ရှိနေမှုတို့နှင့်အတူ ယနေ့ ကမ္ဘာ့စိန်ခေါ်မှုအများဆုံးဈေးကွက်အချို့မှာ အလုပ်လုပ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့မစ်ရှင်ပါ” လို့ လာမယ့်နှစ်မှာ အသက်၅၀ပြည့်တော့မယ့် အက်ဇ်မီ မစ်ကက်တီကပြောပါတယ်။
 
မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရက ဖြုတ်ချခဲ့ပါတယ်။ ဒေသအတွင်းက အဆင်းရဲဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ အာဏာသိမ်းဆည်းရယူမှုဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်နှင့် လာအိုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်လို့ ဘလွမ်းဘတ်ကရေးသားပါတယ်။
Source: Bloomberg