#Local_News
Published_ 8 July 2022

 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲအား ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများ ပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို နစကဥက္ကဌက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။

 

ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်း ရေးမှူးနှင့်အဖွဲ့ဝင်များက နစကဥက္ကဌက တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုအတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ပါတယ်။

 

ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

 

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲသည် နစကမှ ဖွဲ့စည်းပေးထားတဲ့ ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group