#Local_News
Published - 29 June 2022

 

နိုင်ငံအတွင်းသို့ ပြည်ပမှ ကော်ဖီမှုန့် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅၀ ခန့် တင်သွင်းနေရကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

 

ယင်းကြောင့် ပြည်တွင်း၌ ကော်ဖီတိုးချဲ့စိုက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း ၊ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီနှင့် မြေပြန့်ကော်ဖီဟူ၍ ၂မျိုးရှိပြီး ယင်း၂မျိုးကို လာမည့် ၅နှစ်တာကာလအတွင်း စိုက်ဧက ၃ သိန်းအထိ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

"မြန်မာနိုင်ငံထဲမှာ ကော်ဖီအမျိုးအစားက ၂မျိုးရှိပါတယ်။ ကုန်းမြင့်ကော်ဖီကို အာရေဗီးယားလိုခေါ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ကနေ ပေ ၆၀၀၀ ကျော်အတွင်း စိုက်ပျိုးမှဖြစ်ထွန်းမယ့်အမျိုးအစားဖြစ်ပါတယ်။ နောက်တမျိုးကတော့ မြေပြန့်ကော်ဖီဖြစ်ပြီး ရိုဘက်စတာလိုခေါ်ပါတယ်။ သူ့ကိုတော့မြေပြန့်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ တနသာ်ရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ စိုက်ပျိုးနေပါတယ်။ အခုလာမယ့် ၅နှစ်အတွင်း ကော်ဖီဧက ၃ သိန်းအထိ စိုက်ပျိုးသွားဖို့ လျာထားကာ ဇုန် ၄ခုခွဲပြီး စိုက်ပျိုးသွားမှာဖြစ်ပါတယ်" ဟု ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက YMG ကိုပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက ၄သောင်းကျော်ရှိသည့်အနက် အသီးခူးဧကမှာ ၃သောင်းကျော်ရှိကြောင်း၊ တစ်နှစ်အတွင်းကော်ဖီထွက်ရှိမှု တန်ချိန် ၉၀၀၀ ကျော်ထွက်ရှိသောကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၆ သန်းခန့်ရရှိနေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group