#Local_News
Published _ 30 June 2022

 

ပြည်သူများအနေဖြင့် ခရီးသွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် Smart City Bus Line By Daewoo Bus မှ အဆင့်မြင့် မီနီဘတ်စ်များနှင့် ပဲခူး(ကလိ)-ရန်ကုန် (ထောက်ကြန့်)-ပြည်ခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

လက်ရှိတွင် တိုးချဲ့ပြေးဆွဲပေးမည့် ယာဉ်လိုင်းသစ်အတွက် ခရီးစဉ်လမ်းကြောင်းများ စတင်ရေးဆွဲနေပြီး ပြေးဆွဲပေးမည့်အချိန်ကို လာမည့်ဇူလိုင်လ ပထမအပတ်တွင် ခန့်မှန်းရက်အတိအကျထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း Smart City Bus Line By Daewoo Bus တာဝန်ရှိသူထံမှ သိရသည်။

 

"ကျွန်တော်တို့ အခုလက်ရှိ လူကြီးပိုင်းတွေနဲ့တွေ့ပြီး ပြေးဆွဲမယ့်ရက်အတိအကျကို ထုတ်ပြန်နိုင်ဖို့ ဆွေးနွေးနေပါတယ်။ လာမယ့် တစ်ပတ်အတွင်း ရက်အတိအကျကို ထပ်ထုတ်ပြန်သွားမှာပါ။ အခုကတော့ မဆုံးဖြတ်ရသေးတဲ့အတွက် ရက်အတိအကျကိုပြောလို့ မရသေးပါဘူး" ဟု Daewoo Bus ရန်ကုန်ဂိတ်မှ တာဝန်ရှိသူက ပြောသည်။

 

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ခရီးသည်အပြည့်အဝ မရရှိသည့်အတွက် ဇွန်လ ၁၀ ရက်မှာ ရပ်နားမည်ဟု ကြေညာခဲ့သောခူး -ရန်ကုန် Daewoo Bus ယာဉ်လိုင်းအနေဖြင့် ခရီးသည်များ၏ တောင်းဆိုမှုကြောင့် လုံးဝမရပ်နားဘဲ ပြန်လည် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

 

အဆိုပါ ယာဉ်လိုင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်-ပဲခူးကို ယာဉ်စီးခ ၃၀၀၀ ကျပ်ဖြင့် ရပ်၊ တင်၊ ချ စနစ်အသုံးပြု၍ တစ်နေ့လျင် ဘတ်စ်ကား ငါးစီးဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group