#Local_News
Published_ 29 June 2022

 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအောက်မှ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စီမံကိန်းအဆင့်(၂)၊ ကျေးလက်ရေရရှိရေး စီမံကိန်း၊ ကျေးလက်မီးလင်းရေး စီမံကိန်းနှင့် ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ပါတယ်။

 

(၁၆) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဖိုရမ်ကို ဇွန် ၂၈ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ် လက်ခံ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Ekkaphab Phanthavong တိုက လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေး လုပ်ငန်းစဉ်များပြောကြားကြပါတယ်။

 

ဝန်ကြီးဦးလှမိုးက အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ လုပ်ငန်းစီမံချက်မူဘောင် ၂၀၂၁-၂၀၂၅ ကို ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပေါင်းစည်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်တစ်ခုအဖြစ် ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်လို ဆိုပါတယ်။

 

ဆက်လက်၍ ဝန်ကြီးက တရုတ်နိုင်ငံအစိုးရ၏ ငွေကြေးပံ့ပိုး ကူညီမှုများဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ အောင်မြင်မှုများဟာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အဖိုးတန်သော စံနမူနာများအဖြစ် အသုံးချနိုင်မည်ဟုလည်း ဆိုပါတယ်။

 

အဆိုပါ ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေးစီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin နှင့် အဖွဲဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group