#Local_News
Published_ 26 June 2022

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်နှင့် သရက်မြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်နေတဲ့ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃) က တာဝန်ယူ၍ တည်ဆောက်နေတာဖြစ်ပါတယ်။

 

ဧရာဝတီတံတား (အောင်လံ-သရက်)မှာ တံတားအရှည် ၂၂၇၂ ဒသမ ၅ မီတာ ရှိကာ ပင်မတံတားအရှည် ၁၇၃၂ ဒသမ ၅ မီတာ၊ သရက်ဘက်ကမ်းတွင် ချဉ်းကပ်တံတားမှာ မီတာ ၃၀၀၊ အောင်လံဘက်ကမ်းတွင် ၂၄၀ မီတာ ရှိပါတယ်။

 

တံတားအကျယ်မှာ ၁၀ ဒသမ ၅ မီတာ၊ ကားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၁၃၀ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၆ မီတာ ရှိပါတယ်။

 

အဆိုပါတံတားစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခန့်မှာ အပြီးတည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

 

တံတားတည်ဆောက်ပြီးစီးပါက ဧရာဝတီမြစ်ကိုဖြတ်ကူး၍ သရက်နှင့်အောင်လံမြို့တို့သာမက ရခိုင်ပြည်နယ်ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ သရက်-အောင်လံ-နေပြည်တော်တို့ကိုဖြတ်၍ တရုတ်နိုင်ငံရွှေလီမြို့အထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ် တည်ရှိနေကာ ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group