#Local_News
Published_ 15 June 2022

 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နစကမှ ဇွန် ၃၀ ရက်အထိ ရက်ထပ်တိုးကာ ထပ်မံဖိတ်ခေါ်ထားပါတယ်။

 

တက်ရောက်ဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စားအဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည်စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်း ဖော်ပြထားပါတယ်။

 

ထို့ပြင် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံး၏ အကျိုးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နစက က တိုက်တွန်းနှိုးဆော်ထားတာပါ။

 

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဧပြီ ၂၂ ရက်တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ်ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌခေါင်းဆောင်ဦးစီးအဖွဲ့ဝင် ၂ ဦးဖြင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

 

အဆိုပါ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့က ပြည်ထောင်စုအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဆန္ဒများဖြင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြပါတယ်။

 

ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးမည့် အဖွဲ့ ၁၀ ဖွဲ့အနက် အဖွဲ့ ၆ ဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဒေသတစ်ခုချင်းမှအစပြု၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စုပေါင်းနေထိုင်လျက်ရှိသည့် အမိပြည်ထောင်စု နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရိုးသားပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့်၊ ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေအထားနှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည်တို့ကို အသေးစိတ် အကြေအလည် ဆွေးနွေးအဖြေရှာဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group