Published 14 June 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံသည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုသာရှိတဲ့အတွက် စိုက်ပျိုးရေး ပညာရှင်များစွာ မွေးထုတ်ဖို့လိုအပ်နေသေးတယ်လို့ နစက ဥက္ကဋ္ဌက ပြောတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

ယနေ့ ဇွန်လ(၁၄)ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးဆွေးနွေးရာမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်တွေမွေးထုတ်ပေးနိုင်ဖို့  စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွေနှင့် ကောလိပ်နှင့်တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်နှင့်ကောလိပ်တွေဟာ မြန်မာနိုင်ငံထက်များနေတယ်လို့လည်း သူက နှိုင်းယှဉ်ပြောသွား ပါတယ်။

ခရိုင်တွေတိုးချဲ့ဖွဲ့စည်းလိုက်တဲ့အတွက် ခရိုင်အလိုက် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမယ်။ထူးချွန်သူတွေဟာ အဆင့်မြင့်ပညာတွေ ဆက်လက်သင်ယူနိုင်မယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြော ပါတယ်။

သုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနလုပ်ငန်းဟာ နိုင်ငံအတွက်  အဓိကလိုအပ်ချက်အဖြစ်ပြနေတယ်လို့လည်း သူကထောက်ပြသွားပါတယ်။

စိုက်ပျိုးရေးသုတေသနဌာနဟာ ၁၉၅၄ခုနှစ်ကတည်းက ရန်ကုန်မြို့ ကြို့ကုန်းတွင် လယ်ယာစိုက်ပျိုးခြင်း သုတေသနဗိမာန် အမည်ဖြင့်စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိတွင် အပင်မျိုးစုံ မျိုးဗီဇ စုစုပေါင်း ၁၂၈၃၈ မျိုးကို ထိန်းသိမ်းထားရှိပြီး ယနေ့အထိ သီးနှံဗီဇအရင်းအမြစ် စုစုပေါင်း ၂၄၇၇၇ ကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေထံ ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။