Published 13 June 2022

(Updated)

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်လာခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လာရောက်ဆွေးနွေးလိုတဲ့ ဆန္ဒရှိပါက ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်တွေအတိုင်း ထပ်မံဖိတ်ခေါ်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

 အဲသလိုဖိတ်ခေါ်ရာမှာ NCA  လက်မှတ်ရေးထိုးထားသည့် အဖွဲ့တွေနှင့် ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေ အားလုံးပါဝင်တယ်လို့ ပြောပါတယ်။

 ဇွန်လ၁၃ရက် ယနေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဗိုလ်ချူပ်မှူးကြီးက အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုင်းပြည်၏ ပကတိအနေအထား နှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည် တို့ကို အသေးစိတ်အကြေအလည်ဆွေးနွေး အဖြေရှာဆောင်ရွက်သွားမည့် အခြေအနေတွေကိုလည်း သူကရှင်းပြခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအပြင်ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့် နည်းလမ်း ဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေတွေကို ရခိုင်လွတ်မြောက်ရေးပါတီကို နစက ဥက္ကဋ္ဌက ရှင်းပြခဲ့တယ်လို့လည်းသိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်ကို ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP အနေနှင့် ထောက်ခံကြိုဆိုပြီး ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေတွေ၊ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

ယနေ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ခိုင်စိုးမြ နှင့် ခိုင်ပေါ်လင်း တို့ တက်ရောက်ကြတယ်လို့ သိရှိရပါတယ်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ဧပြီ ၂၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ(၂၀)ရက်မှစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။