Published 11 June 2022

အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင် လက်အောက်မှာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး ယခု  ဂျွန်ဟော့ကင်းစ် တက္ကသိုလ်၊အရှေ့တောင်အာရှ လေ့လာရေးဌာနရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ ဒေါက်တာ ကာဒီဂျက်ဆန်ဟာ ယမန်နေ့ ဇွန်၁၀ရက် မနက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာကာဒီဂျက်ဆန်နှင့် ရွေး/ကော်ဥက္ကဋ္ဌတို့‌ တွေ့ဆုံခဲ့တာကို နစက,က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲသလိုတွေ့ဆုံရာမှာ နစကရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်နေတဲ့အခြေအနေတွေနှင့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေတဲ့အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးရေးဆောင်ရွက်နေတာတွေ၊ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေတာတွေ၊ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ လေ့လာသူတွေကိုဖိတ်ခေါ်သွားမယ့်အကြောင်းအပါအဝင် သိလိုသည်များကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ကာဒီဂျက်ဆန်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်နေတာတွေကို အထင်ကြီးလေးစားမိပြီး နိုင်ငံတကာကသိရှိအောင်သတင်းစကားပါးပေးမယ့်အကြောင်း လိုအပ်တာတွေကူညီမည့် အကြောင်းပြန်လည်ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒေါက်တာကာဒီဂျက်ဆန်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင်နှင့် ဂျော့ ဘုရှ်တို့လက်ထက်မှာ  အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး၊အမေရိကန်သမ္မတရဲ့ အထူးလက်ထောက်၊ အမျိုးသားလုံခြုံရေးကောင်စီ၊အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး၊ ဒုတိယသမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သို့သော် ပါမောက္ခ ဒေါက်တာကာဒီဂျက်ဆန်ရဲ့ ခရီးဟာ လွတ်လပ်သော ပုဂ္ဂလိကခရီးလား၊ မည်သို့ကိုယ်စားပြုသလဲဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါဘူး။