Published 5 June 2022

မြန်မာနိုင်ငံတွင် ယနေ့တနင်္ဂနွေနေ့(မနေ့ညသန်းခေါင်ကျော်အချိန်)တွေမှာ တစ်နာရီခန့်ခြားပြီး  ညောင်တုန်းမြို့နှင့်မိုင်းပြင်းမြို့အနီး နေရာနှစ်နေရာ၌ ငလျင်(၂)ခုလှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဇွန်လ(၅)ရက်  မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၂)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၇)ဒီဂရီ၊ အနက် (၈၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။

အဲဒီနောက် ဆက်လက်ပြီး မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၂၃)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၁၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ရှားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေနှင့်ပျက်စီးဆုံးရှုံးမှုတွေကိုတော့ သတင်းတွေမရရှိပါဘူး။