#MyannarNews
Published 5 June 2022

 

မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်တွေအပေါ်မှီခိုတဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချသွားရမယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

 

နေပြည်တော်မှာ ယနေ့ ဇွန်လ(၅)ရက်နေ့က ကျင်းပတဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

“ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဟာ နိုင်ငံတော်အတွက်သာမက နိုင်ငံသားများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိရေး အထောက်အကူဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းမရှိရင် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်စေလိမ့်မယ်လို့ သူက သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဟာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘတ်ဂျက်)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင်လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည့်အပြင် ကျောက်စိမ်းတူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့်နှင့် မိုးညှင်းဒေသများတွင် ရပ်ဆိုင်းထားပြီးဖြစ်ကြောင်းသိရပါတယ်။

 

အဲဒီလိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ပေးပြီး ကာဗွန်ထုတ်လုပ်မှုလျော့နည်းတဲ့ အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေကို အားပေးမြှင့်တင်မယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ နိုင်ငံမှာရှိပြီးဖြစ်တဲ့ ရေ၊နေနှင့်လေစတဲ့ သန့်ရှင်းတဲ့ စွမ်းအင်အရင်းအမြစ်တွေကို အခြေခံတဲ့ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့လိုအပ်ကြောင်းလည်း သူကပြောပါတယ်။

 

ယေးတက္ကသိုလ်ရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက်ပတ်ဝန်းကျင်ထိန်းသိမ်းမှုစွမ်းဆောင်ရည် အညွှန်းကိန်းမှာ environmental performance index အရ မြန်မာနိုင်ငံဟာ အဆင့် ၁၇၉ မှာရှိနေပါတယ်။ ဗီယက်နမ်က ၁၇၈ နှင့် အိန္ဒ်ိယက ၁၈၀ မှာရှိနေကြောင်းသိရှိရပါတယ်။

 

Ymg/knl
#Yangon_Media_Group