#LocalNews
Published - 3 June 2022

 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပုံမှန်အနေအထား၏ ၇၅ ရာခိုင်နှုန်းခန့်ကုန်စည်စီးဆင်းမှုရှိနေပြီး နယ်စပ်ဂိတ်အများစုတွင် လူဝင်လူထွက်မရသေးကြောင်း မြဝတီနယ်စပ်ရှိကုန်သည်တစ်ဦးဖြစ်သူ ဦးဒေါက ပြောသည်။

 

"အခုချိန်ထိကတော့ ဘာအခက်အခဲမှမရှိသေးဘူး။ ပုံမှန်ပြန်ဖြစ်နေပြီ။ ကုန်စည်စီးဆင်းမှုကအစ အားလုံးအဆင်ပြေတယ်။ ၇၅ ရာခိုင်နှုန်းလောက်လည်ပတ်နေပြီလို့ ပြောလို့ရတယ်"ဟု ဦးဒေါကပြောသည်။

 

အဆိုပါ ထိုင်း-မြန်မာနယ်စပ်ဂိတ်များကို ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ပြီး ကိုဗစ်ကပ်ရောဂါ ကြောင့် ကုန်စည်စီးဆင်းမှုကိုသာ လက်ခံသော်လည်း လူဝင်လူထွက်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 

ယခုနှစ် ဧပြီ ၁ ရက်မှ မေလ ၂၀ ရက်အထိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၆ ဒသမ ၉၄၈ သန်းခန့် ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

 

လက်ရှိတွင် ဒေသတွင်းစီးပွာရေးမြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပြန်လည်စတင်ရန် ယခုလဆန်းတွင် ထိုင်း-မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်များဖွင့်ရန် စီစဉ်ထားသော်လည်း မြန်မာဘက်မှ အကြောင်းပြန်ကြားခြင်းမရှိသဖြင့် မဖွင့်လှစ်နိုင်သေးကြောင်း၊ ပြီးခဲ့သည့် ရက်များအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ်ဖြတ်သန်းခွင့်ကိုင်ဆောင်ထားသူများအတွက် ချင်းခေါင်၊ မယ်ဆိုင်နှင့် ချင်းဆမ်ခရိုင်တို့ရှိ စစ်ဆေးရေးဂိတ်များကို ယနေ့ ဇွန် ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ရန် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ် ရေးကော်မတီ (TBC) က သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားသော်လည်း လက်ရှိတွင် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်တစ်ခုတည်းသာ လူဝင်လူထွက်ရကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group