#LocalNews
Pulished_2 June2022

 

လက်ရှိပြည်တွင်းမှာ နိုင်ငံတကာရဲ့ ငွေကြေးဈေးနှုန်းအပြောင်းအလဲများ၊ ကုန်သွယ်မှုဆိုင်ရာများနဲ့ကြုံတွေ့နေရပြီး ထိုအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်ရေးအတွက် နို့ထွက်ပစ္စည်းများအပါအဝင် မွေးမြူရေးကိုအခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွက်လာရေးကို ဦးတည်နေလျှက်ရှိကြောင်းကို မေလ(၃၀)ရက်နေ့က မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားခဲ့သည်။

 

"အရည်အသွေးမြင့်ပြီး ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သော ထုတ်ကုန်များကို အလေးထား ထုတ်လုပ်ကြဖို့နဲ့ ပြည်တွင်းဈေးကွက်ဝေစု ရရှိရေးသာမက ပြည်ပပို့ကုန်အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်အထိ ဝင်ရောက်ရန် လုပ်ဆောင်ဖို့လိုကြောင်း" ဒုတိယဝန်ကြီးက ပြောသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေးကူညီလျက်ရှိကာ အာဟာရပြည့်ဝပြီး ဈေးနှုန်းချိုသာသော မွေးမြူရေးထွက်ကုန်များကို ပြည်သူများ ပေါပေါများများစားသုံးနိုင်ကြရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိပြီး တစ်ချိန်တည်းတွင် ပြည်တွင်းထုတ် နို့နှင့် နို့ထွက်ပစ္စည်းများအပါအဝင် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် သာစည်မြို့နယ် အောင်သာကျေးရွာ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၂၅၀)စံပြကွင်းတွင် "ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော ဝါ မျိုးကောင်းမျိုးသန့်ပွားများ ဖြန့်ဖြူးနိုင်ရေး၊ ဝါသီးနှံ ဈေးကွက်အလားအလာနှင့် ဝန်ကြီးဌာနက နည်းပညာနဲ့ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" တာဝန်ရှိသူက ပြောသည်။

 

အလားတူ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးချိန် အလိုက် ဝါအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုများ၊ အရည်အသွေးကောင်း ဝါမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့် တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်နေပြီး တောင်သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်သည့် အထွက်နှုန်းနှင့် ဝင်ငွေရရှိစေမည့် ဝါမျိုးကောင်းမျိုးသန့်များ တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ချက်များ၊ ရေမြေရာသီဥတုနှင့် သီးနှံ၏မျိုးဗီဇအရ လိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများကို အလေအလွင့်မရှိဘဲ အကျိုးရှိရှိထိရောက်စွာ အသုံးချနိုင်ရေးများကို တာဝန်ရှိသူများထံ ဆွေးနွေးမှာကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ygm/NN
#Yangon_Media_Group