#Local_News
Published_ 15 May 2022

 

နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုတို့ကို လေးစားလိုက်နာ ခြင်းမှ သွေဖည်နေသည့်အတွက် အာဆီယံ-အမေရိကန် အထူးထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမပြုခဲ့ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေ ၁၄ ရက်ထုတ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါ အထူးထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှ နိုင်ငံရေးအရကိုယ်စားမပြုသူကိုသာ တက်ရောက်ရန် ဖိတ်ကြားစာကို ပေးပိုခဲ့ပြီး အဆိုပါဖိတ်ကြားမှုသည် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အခြေခံမူများဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုတို့ကို လေးစားလိုက်နာခြင်းမှ သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမပြုခဲ့ပါဟု ဖော်ပြထားပါတယ်။

 

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုသိရှိရပြီး အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အထူးပြုထည့်သွင်းဖော်ပြထားသည့် စာပိုဒ်ပါရှိသည်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာပိုဒ်ကို ထည့်သွင်းခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း အာဆီယံ၏ တူညီဆန္ဒမပါရှိဘဲ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုစာပိုဒ်တွင်ပါရှိသည့် အသုံးအနှုန်းများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံကို သမာသမတ် ကျသည့်နည်းဖြင့် ချဉ်းကပ်မှုမရှိခြင်းကို အထင်အရှား တွေ့ရှိရသည်။ ထို့အပြင် အချို့အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွင်း ရှိခြင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် သဘောတူညီခဲ့သည့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ပါ အချက်များထက် ကျော်လွန်နေသော တောင်းဆိုချက်များ ပါဝင်နေခြင်းကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

အာဆီယံ၏ ထုတ်ပြန်ကြေညာချက်များတွင် နိုင်ငံတစ်နိုင်ငံ၏ကိစ္စရပ်ကို နိုင်ငံအလိုက် အထူးပြုထည့်သွင်းဖော်ပြခြင်း မပြုသင့်ကြောင်းကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ရပ်တည်ထားရှိပြီး အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အာဆီယံတူညီဆန္ဒမပါရှိဘဲ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ စာပိုဒ်အမှတ် ၂၆ ကို ပြတ်သားစွာပယ်ချပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။

 

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် မိတ်ဖက်နိုင်ငံများမှ အစိုးရတာဝန်ရှိ သူများနှင့် လွှတ်တော် အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ကြရန် ထပ်လောင်းတောင်းဆို ထားပါတယ်။

 

မေလ ၁၂ ရက်မှ ၁၃ ရက်အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် အာဆီယံ - အမေရိကန် အထူးထိပ်သီးအစည်းအဝေးကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group