Published 14 May 2022

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ထားပူဇော်မယ့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်တဲ့ (၁၄)ရက်နေ့ နံနက်က ကျင်းပခဲ့ကြောင်းသိရပါတယ်။

အခမ်းအနားမှာ ပိဋကတ်ကျောက်စာတော် ရေးထိုးပူဇော်မည့် မင်္ဂလာစက်ယန္တရားများ၏ မင်္ဂလာလိုက်ကာတွေကို ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့က စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးတော်မူကြပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ယန္တရားတွေကို မင်္ဂလာစက်ခလုတ်နှိပ်၍ ပိဋကတ်   ကျောက်စာတော် စတင်ရေးထိုးပူဇော်ပြီး ပရိတ်နံ့သာရည်များပက်ဖျန်းပေးပါတယ်။ အဲဒီနောက် ဆရာတော်ကြီးတွေနှင့် အခမ်းအနားတက်ရောက်လာသူတွေဟာ ကျောက်စာတော်တွေကို ခေတ်မီစက်ကိရိယာတွေအသုံးပြုပြီး ရေးထိုးနေမှုတွေကို ကြည့်ရှုကြပြီး ပရိတ်နံ့သာရည်တွေ ပက်ဖျန်းပေးကြပါတယ်။

ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူ ဆရာတော်ကြီးတို့အား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ နှင့် အပိုင်း ၄ တို့ ထုဆစ်ပြီးစီးမှုနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို ဗိုလ်ချူပ်မှူးကြီးက  ရှင်းလင်းလျှောက်ထားပြီး ဆရာတော်ကြီးတွေရဲ့ ဩဝါဒကိုခံယူပါတယ်။

အဆိုပါ ကျောက်စာရုံစေတီများတည်ထားရာတွင် သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် အလယ်ဗဟို ကျောက်စာရုံ စေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ပါတယ်။ ကျောက်စာချပ်တွေဟာ ဗုဒ္ဓမြတ်စွာ၏ မုခပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်တဲ့အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ရာ ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာရုံစေတီများအတွင်းရှိ ဘုရားဟောဒေသနာတော်များကို ပြည့်စုံစွာကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ယင်းသို့ ရေးထိုးပူဇော်နိုင်ရေးဆောင်ရွက်ရာတွင် ကျမ်းစာတော်များကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်းလည်းသတင်းရရှိပါတယ်။

အဆိုပါမင်္ဂလာအခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကမဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကအဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တအာစိဏ္ဏတို့ အမှူးပြုသည့် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နစကဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကောင်စီဝင်တွေ၊နစကအစိုးရအဖွဲ့ဝင်တွေနှင့်ဧည်ပရိဿတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လောကချမ်းသာ ဆုတောင်းပြည့်အသင်း  ဘုရားကြီး ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်တော်တွေကို ညောင်ပင်သွန်းလောင်း ပူဇော်ခဲ့ကြတယ်လို့ သတင်း ထုတ်ပြန် ချက်အရသိရပါတယ်။