#LocalNews
Published - 6 May 2022

သထုံခရိုင်၊ ဘီလင်းမြို့နယ်အတွင်း ဒေသခံစစ်ဘေးရှောင်ဦးရေဟာ သောင်းဂဏန်း အထိ
မြင့်တက်လာပြီး ၄င်းတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများရှိနေကြောင်း သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအပြီး နောက်ပိုင်း၌ ဒေသခံစစ်ဘေးရှောင်ဦးရေဟာ တစ်သောင်း(၁၀၀၀၀)ကျော်အထိ ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေ အရေးပေါ်လိုအပ်နေပြီး သောက်သုံးရေနဲ့ အိမ်သာအခက်အခဲလည်းရှိ နေတာဖြစ်ပါတယ်။

 

စစ်ဘေးရှောင်ဦးရေများပြားပြီး ရေလိုအပ်ချက်များကြောင့် တစ်ချို့သော ဒေသခံပြည်သူများဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကို ခံစားနေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်သူများက ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိအခြေအနေတွင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီမှ ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များနှင့် ချိတ်ဆက်ကာ ဒေသခံ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့စောင့်ရှောက်မှုများရှိသော်လည်း စစ်ဘေးရှောင်ဦးရေ ယခင်ကထက် ပိုများလာသဖြင့် ဆေးဝါး၊ သောက်သုံးရေနှင့် အခြေခံ စားသောက်ကုန်များ လိုအပ်နေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ သထုံခရိုင်အတွင်းရှိ သထုံ၊ ဘားအံ၊ ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်(၄)ခုစလုံးတွင် လက်ရှိမှာ နှစ်ဖက်တပ်တွေရဲ့စစ်ရေး အခြေအနေဟာ တင်းမာလျှက်ရှိ နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo - CJ

ymg/kg
#Yangon_Media_Group