#LocalNews
Published_6 May 2022

 

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅၆ ဦး ကို ယနေ့ မေလ ၆ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိကြောင်း သိရသည်။

 

ယင်းတို့ကို ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ချီယန်ထောင်ကျေးရွာအနီးရှိ ကိုင်းတောထဲတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအစိုးရက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ရေလုပ်ငန်းအစရှိသည့် လုပ်ငန်းများတွင် လိုအပ်နေသော အလုပ်သမားများအား အိမ်နီးချင်း မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ MOU လမ်းကြောင်းဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။

 

ယင်းသို့ ခေါ်ယူနေရာတွင် မြန်မာနိုင်ငံဘက်မှ သွားရောက်ခွင့်ရရှိရန် သဘောတူညီမှုများ ရရှိထားပြီးဖြစ်သော်လည်း နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် အချိန်ကြာနေသောကြောင့် တရားမဝင်သော လမ်းကြောင်းများမှ ထိုင်းနိုင်ငံကို သွားရောက်နေကြခြင်းဖြစ်ကြောင်း၊ ယင်းသို့ သွားရောက်ရာ တွင် အဖမ်းအဆီး ခံနေကြရခြင်းဖြစ်ကြောင်း သိရသည်။

 

"ထိုင်းမှာ အလုပ်သွားလုပ်ဖို့ အလျင်လိုနေကြတယ်။ စားဝတ်နေရေးအတွက်ပေါ့။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ဖမ်းနေပါတယ်လို့ ပြောတဲ့ကြားထဲက သွားနေကြတာ။ ကျေးဇူးပြုပြီး မလာကြပါနဲ့။ အဖမ်းခံရင် အချိန်ကြာတယ်။ ဥပဒေအရလည်းအရေးယူခံရမယ်။ ဒီလိုဖြစ်နိုင်တာကို တရားဝင်သွားခွင့်ရဖို့ သီးခံပြီးတော့ စောင့်ကြစေလိုပါတယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတစ်ရက် နောက်ပိုင်း ဖမ်းဆီးမိသော မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ ၆ သောင်းခန့် ရှိမည်ဟု Migrant Labour Development Network က ပြုစုထားသော စာရင်းများအရ သိရသည်။

 

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သမား၊ တရားမဝင်အလုပ်သမား စုစုပေါင်းအရေအတွက်မှာ အနည်းဆုံး သုံးသန်းခန့် ရှိမည်ဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။

 

ymg/mt
#Yangon_Media_Group