Published 2 May 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်(Samdech Akka Moha Sena Padei Techo HUN SEN ) နှင့် ယနေ့မေလ(၂)ရက် နံနက်ပိုင်းက အွန်လိုင်း Video Conferencing ဖြင့် တွေ့ဆုံ   ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

အဲသလိုတွေ့ဆုံရာမှာ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားမှုတွေကို နကစဥက္ကဋ္ဌက ပြောပြခဲ့ပြီး ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ  NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAOတွေထံမှ  အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိနေတာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနှင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေမှဒ၊အာဆီယံမှပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်  အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

ယခုတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်လို့ ကမ္ဘောဒီးယားပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ခမာတိုင်းမ်ကလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဘက်က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ်သတင်း ယခုထက်ထိမထုတ်ပြန်သေး ကြောင်းနှင့် ယနေ့နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန်ပေးနိုင်တယ်လို့ ခမာတိုင်းမ်က သတင်း ရေးသားထားပါတယ်။

အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက နိုင်ငံခြားရေး  ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု   ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: SAC’s Info/Khmer Time