Published 22 April 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များနှင့် သူကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးပြောဆိုရန် နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

ယနေ့ဧပြီ၂၂ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌက ရုပ်သံမိန့်ခွန်းတစ်ရပ် အထူးထုတ်လွှင့်သွားရာမှာ ယခုလိုဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။

“ ၂၀၂၂ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ဒါကိုလက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်” လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။

အဲသလိုတွေ့ပြီးရင် နစကအဖွဲ့ဝင်ကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေမှုများပြုလုပ်သွားမည်ဟုလည်း နစကဥက္ကဋ္ဌက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲအတွက် ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်(၂)ဦးစီတက်ရောက်ပေးကြဖို့နှင့် ၂၀၂၂ခုနှစ် မေလ(၉)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုတယ်လို့လည်း ဖိတ်ခေါ်မိန့်ခွန်းမှာ သူကပြောကြားခဲ့ပါတယ်။

“နှစ်ဘက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသား ပြည်သူ  အားလုံး  ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကို  ခံစားနိုင်ရေး ကျွန်တော်တို့ အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေး သွားကြပါမယ်” လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောကြားခဲ့ပါတယ်။

Source MOI