ရန်ကုန် ဩဂုတ်-၁၁
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေက အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ကို ပေးသွင်းနေရတဲ့ အလုပ်ရှင်ရဲ့ထည့်ဝင်ကြေးတွေကို သက်ဆိုင်ရာလကနေ (၃)လနောက်ဆုတ်ပေးသွင်းခွင့်ပြုခဲ့ရာနေက ယခု(၃)လအစား (၆)လနောက်ကျပေးသွင်းခွင့်ပြုပေး မယ်လို့ သိရပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက ထိုသို့နောက်ကျပေးသွင်းခွင့်ပြုကြောင်းကို ဩဂုတ်(၆)ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၃၄၁/၂၀၁၁ ဖြင့် ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
 
“အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးဂယက်များအရ အကျုံးဝင် မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများကို သက်ဆိုင်ရာလကုန်ဆုံးပြီး (၃) လ နောက်ဆုတ်ပေးသွင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၀) ထုတ်ပြန်၍ ပျက်ကွက်ကြေးများကို ကောက်ခံခြင်းမပြုဘဲ ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
 
လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရန်နှင့် အာမခံ အလုပ်သမားများ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ထည့်ဝင်ကြေးများ ပေးသွင်းရာတွင် ယခင်သက်ဆိုင်ရာလ ကုန်ဆုံးပြီး (၃) လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအစား ၅/၂၀၂၁ လ၏ လုပ်ခလစာအတွက် ပေးသွင်းရမည့် ထည့်ဝင်ကြေးမှစ၍ သက်ဆိုင်ရာလ ကုန်ဆုံးပြီး (၆) လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအပေါ် ပျက်ကွက်ကြေးများကို ကင်းလွတ်ခွင့်ပြုကြောင်း” အဆိုပါ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
 
အလုပ်ရှင်တွေအနေနှင့် ထိုခွင့်ပြုပေးထားတဲ့ နောက်ကျကာလများအတွက် ပျက်ကွက်ကြေး ကင်းလွတ်ခွင့်ရရှိကြမယ်လို့ သိရှိရပါတယ်။