Published 16 April 2022

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့် နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့  ဘင်္ဂလားဒေ့ရှ်ပညာရှင်တစ်ဦးက ယူရေးရှားရီဗျူး ဂျာနယ်မှာ ဧပြီ ၁၆ရက် ယနေ့မှာ ရေးသားလိုက်ပါတယ်။

ရေးသားသူမှာ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ရသူ အလွတ်တန်းစာရေးဆရာ ဂျူဘီဒါ ချောင်ဒရီ Jubeda Chowdhury ဆိုသူပညာရှင်တစ်ဦးဖြစ်ပြီး “ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် သူက သုံးသပ်ချက်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

သူက ကာကွယ်ရေးဒီပလိုမေစီဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရာမှာ စစ်ရေးဒီပလိုမေစီဟာ နိုင်ငံတကာဆက်ဆံရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာကတည်းက တည်ရှိခဲ့ပြီး အဲဒါဟာ ထိရောက်တဲ့ နည်းလမ်းစဉ်လည်းဖြစ်တယ်လို့ သူကရေးပါတယ်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး နိုင်ငံတကာနယ်နမိတ်၂၇၁ကီလိုမီတာထိစပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရရှိပြီးနောက် မြန်မာဟာ ၁၉၇၂ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား အထွေထွေသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးကြပြီး ဘင်္ဂလားဒေ့ရှ်ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။  ၁၉၈၉ ဇွန်လမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသုံးခုလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကျယ်ပြန့်လှပြီး စစ်တပ်က နှစ်ရှည်လများ အုပ်စိုးထားတဲ့ မြန်မာနိုင်ငံအတွက် အခြားနိုင်ငံတွေနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။အဲဒါကြောင့် နှစ်နိုင်ငံ စစ်တပ်တွေဟာ ဘုံအကျိုးစီးပွားအပေါ်အခြေခံပြီး  ပူးပေါင်းဆောင်ရွက်မှု   မြှင့်တင်သင့်ကြတယ်လို့ သူက အကြံပြုတိုက်တွန်းထားပါတယ်။

မြန်မာတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နှစ်ရပ်အကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ပညာရှင်က ဖော်ထုတ်ထားပါတယ်။ အဲဒါတွေက သောင်းကျန်းသူတိုက်ဖျက်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလီဘာသာစကားကျွမ်းကျင်မှု၊မြန်မာဘာသာစကားကျွမ်းကျင်မှု၊ ရေတပ်နှင့်လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနှင့် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရေးတို့ပဲဖြစ်ပါတယ်။

အဲဒီအပြင် သင်တန်းတွေအပြန်အလှန်စေလွှတ်ရေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ခြင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက် တရားမဝင်လက်နက်ရောင်းဝယ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဟန့်တားကာကွယ်ဖို့ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်တာတွေကို တိုးချဲ့လုပ်ဆောင်ဖို့ သူက အကြံပြုထားပါတယ်။

စစ်တပ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ခြင်းတွေဟာ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လမ်းဖွင့်ပေးတာဖြစ်တယ်လို့ သူ့အမြင်ကို ဆောင်းပါးမှာဖော်ပြထားပါတယ်။ သူက နှစ်နိုင်ငံအကြား စစ်တပ်ခေါင်းဆောင်တွေနှင့် အဆင့်မြင့်စစ်တပ်အရာရှိတွေ အပြန်အလှန်လည်ပတ်ခဲ့ကြတာတွေကို ပြန်လည်ရေးသားထားပြီး အဲဒီအလည်အပတ်ခရီးတွေက နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာတွေကိုပါ ထည့်သွင်းသုံးသပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ မြန်မာအနေနှင့် နားလည်သင့် တယ်လို့ သူကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကိုယုံကြည်တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှနှင့် ဆက်ဆံတဲ့အတွက် မြန်မာအတွက်လည်း အကျိုးရှိပါတယ်လို့ သူက သုံးသပ်ပြပါတယ်။

“ အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်ချင်းဆက်ဆံရေးဟာ ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်း၊ဒေသတည်ငြိမ်ခြင်းနှင့် ဒေသဆိုင်ရာ အတွက်နှင့် ဒေသကြီးတစ်ခုလုံးအတွက် (တောင်အာရှနှင့် အရှေ့တောင်အာရှ)ပိုမိုကြီးမားသော အကျိုးစီးပွား တို့ကို အသေအချာဖြစ်ထွန်းစေနိုင်ပါတယ်”  လို့ သူက အဆုံးသတ်ရေးသားထားပါတယ်။

Source: Eurasia Review: Prospects of Defense Cooperation Between Bangladesh-Myanmar by Jubeda Chowdhury