#LocalNews
Published -11 Apr 2022

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာတဲ့ မော်တော်ယာဥ်ကို လက်နက်ကိုင်အဖွဲ့တွေက သေနတ်နဲ့ချောင်းမြောင်း ပစ်ခတ် ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။။

 

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုး ဦးစီးသည့် ပညာရေးဝန်ထမ်းများသည် ရွာငံမြို့နယ်စာစစ်ဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးသို့ မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်အပ်နှံပြီး မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တောင်ကြီးမြို့မှ ရွာငံမြို့သို့ အောင်ပန်း-ရွာငံကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာ အနီးအရောက်၌ လမ်း၏ဝဲယာတို့မှ အသင့်စောင့်ဆိုင်းနေတဲ့ လက်နက်ကိုင်အင်အား ၂၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ အောင်ပန်း-ရွာငံလမ်းအတိုင်းမောင်းနှင်လာသည့် MDY 2G/5848 မန္တလေး-တောင်ကြီးခရီးသည်တင်ယာဉ်ပေါ် လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တစ်ဦး နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး အဖြေလွှာပို့ပြီးပြန်လာသည့် မော်တော်ယာဉ်ပေါ်ပါ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်မိုးတွင် ဦးခေါင်းဝဲဘက် ကျည်ရှပ်ထိဒဏ်ရာတစ်ချက် ရရှိခဲ့တယ်လို့သိရပါတယ်။

 

ymg/hm
#Yangon_Media_Group