#LocalNews
Published_11 April 2022

 

ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို အပြီးဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

 

"နောက် ၆ လအတွင်းမှာ ဖယ်ရမယ်။အပြီးပေါ့။အခုဆိုရင် မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်းမှာ ကျူးကျော်နေအိမ်တွေနဲ့ အခြားအဆောက်အအုံ ၆၀၀ လောက်ရှိတယ်။ အဓိက အနေနဲ့တော့ ကျုံးပတ်ဝန်းကျင် နဲ့ ရေအရင်းမြစ်ရှိတဲ့ နေရာဝန်းကျင်တွေက ဟာတွေကို အဓိက ဖယ်ရမယ်"ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ဖယ်ရှားမည့် ကျူးကျော်နေထိုင်သူများအား အစားထိုးနေရာ ပြန်လည်ပေးအပ်နိုင်ရန်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ရခိုင်ပြည်နယ် မြောက်ဦးဒေသကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အီတလီနိုင်ငံသားပညာရှင်ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က ကွင်းဆင်းခဲ့ကာ လက်ရှိတွင် သက်ဆိုင်ရာ ဌာနပေါင်းစံမှလည်း အမှိုက်ကောက်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ်အဆိုပြုလွှာအချောကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က လက်ရှိ ပြင်သစ်နိုင်ငံ သံအမတ်ကြီး ၊ မြန်မာနိုင်ငံ၏ ယူနက်စကိုဆိုင်ရာ သံအမတ်ကြီးမှတစ်ဆင့် ပေးပိုခဲ့ပြီး၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊မဝင် ဆုံးဖြတ်ရန် ကနဦး စစ်ဆေးရေးအဖွဲ့များက ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း လာရောက်ရန် ရှိနေကြောင်းလည်း သိရသည်။

 

အေဒီ ၁၄၃၀ ပြည့်နှစ်တွင် ရခိုင်ဘုရင်မင်းစောမွန် စတင်တည်ထောင်ခဲ့သော မြောက်ဦးမြို့သည် ရခိုင်ဘုရင်အဆက်ဆက် နှစ်ပေါင်း ၃၅၄ နှစ်တိုင်တိုင် ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်ပြီး သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group