Published- 8 August 2021
 
ပြည်တွင်း၌ လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်လုပ်ရပ်များကို အာဆီယံဒေသဆိုင်ရာဖိုရမ် ARF အဖွဲ့ဝင်နိုင်ငံများအနေနဲ့  ရှုတ်ချဖို့ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီး က ၂၈ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဖိုရမ်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
 
ဩဂုတ်လ၆ရက်နေ့ ညနေပိုင်းမှာ အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြတဲ့ videoconference နဲ့ ကျင်းပပြုလုပ်တဲ့(၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်မှာ ပြောဆိုလိုက်တာပါ။
 
နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရတဲ့အကြောင်းအရင်း၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးရဲ့ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အခြေအနေ၊ ၂၀၂၁ခုနှစ်ဩဂုတ်လ ၄ ရက်နေ့က အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းကိစ္စ၊ မြန်မာနိုင်ငံအနေနဲ့ အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိမှုတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဝန်ကြီးက NUG နဲ့ CRPH ကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများထံမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့များ ရယူထားသည့် People Defense Force (PDF)ရဲ့ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်နေခြင်းတွေ အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများအနေနဲ့  ရှုတ်ချသင့်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ နစက ကသတင်းထုတ်ပြန်ထားပါတယ်။
 
ဆက်လက်ပြီး ရခိုင်ပြည်နယ်ကိစ္စကိုလည်း အာဆီယံ ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကတိကဝတ်ကို ပြေားကြားခဲ့သလို နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့လိုပြီး မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်တွန်းစေလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။