#LocalNews
Published - 27 March 2022

 

မော်လမြိုင်မြို့၊ ဖက်တန်းရပ်ဈေးဆိုင်တန်းမှာ စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်နှစ်ဦးအား မြဆည်းဆာဂေဟာမှ ရာသက်ပန် မွေးစားစောင့်ရှောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ကလေးငယ်များဟာ အသက်(၁၁)နှစ်နဲ့ (၂)နှစ်အရွယ် မိန်းကလေးငယ်(၂)ဦးဖြစ်ပြီး စွန့်ပစ်ခံပြီးချိန်တွင် ကလေးငယ်များ ဘေးအန္တရာယ်ကင်းစေဖို့အတွက် မြဆည်းဆာ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာမှ ခေါ်ယူစောင့်ရှောက်ပေးထားခဲ့ရတာဖြစ်ပါတယ်။

 

အဲ့ဒီကလေးငယ်(၂)ဦးကို ခေါ်ယူစောင့်ရှောက်ထားပြီးနောက် မြဆည်းဆာဆရာတော်ရဲ့လမ်းညွှန်မှုနဲ့ အကျိုးတော်ဆောင်အဖွဲ့မှ ကလေး(၂)ဦး၏ အခြေအနေနဲ့ပတ်သတ်ပြီး အသေးစိတ်လေ့လာစုံစမ်းခဲ့ကာ စုံစမ်းချက်အရ ကလေးငယ်(၂)ဦးရဲ့ အခြေအနေက သူတို့ဘဝတခုလုံးအတွက် ဘယ်လိုမှ စိတ်ချစရာအနေအထားမရှိသလို လုံခြုံမှုလည်း လုံးဝမရှိသည့်အတွက် မြဆည်းဆာ ဂေဟာဆရာတော်၏ လမ်းညွှန်မှုနှင့်အညီ ယခုလို အပြီးတိုင်မွေးစားစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"သက်ဆိုင်သူမိခင် ပတ်သတ်သူများအားလုံးနဲ့ ဆွေးနွေးပြီးနောက် သမီးငယ်(၂)ဦး၏ ဘဝတစ်ခုလုံး လုံခြုံစိတ်ချစေဖို့ မြဆည်းဆာမှ အပြီးမွေးစားလိုက်ပါပြီ။ သူတို့တွေက မုတ္တမရပ်မှာနေပါတယ်။ မိခင်က စိတ်ကျန်းမာရေးမကောင်းပါ။ ဖခင်ကတော့ ကလေးမိခင်က ရေသန့်ဘူးတွေ ဘာတွေကောက်ပြီးရောင်းစားပါတယ်။ အရက်လဲ သောက်တတ်ပါတယ်။ သွားလေရာ ကလေး(၂)ဦးကို ခေါ်ခေါ်သွားပြီး ကြုံတဲ့နေရာဖြစ်သလို နေထိုင်ကြပါတယ်။
အဲ့ညကလဲ ကလေးနှစ်ဦးကို ဆိုင်ခန်းမှာ ခေတ္တသိပ်ထားခဲ့ပြီး ရေသန့်ဘူးသွားကောက်နေတာ ဖြစ်ပါတယ်။ အချိန်ကြာလို့ကြာသွားမှန်းမသိအောင် ကလေးတွေကိုထားခဲ့သလိုဖြစ်သွားတာပါ။ ကလေးတွေ ကံကောင်းချင်လို့ ကျွန်တော်တိုဆီရောက်လာတယ်လို့ပဲ ဆိုရမှာပါ။"

 

အဲ့ဒါကတော့ ကလေးငယ်(၂)ဦးအတွက် အကောင်းဆုံးနဲ့ လုံခြုံစိတ်ချရတဲ့နေရာ ရောက်နေပြီ။ ပြန်မလွှတ်တော့ဘဲ ဆက်လက်စောင့်ရှောက်စေချင်ကြတဲ့ စိတ်ဆန္ဒတွေပါပဲ။"လို့ မော်လမြိုင်မြို့ ဒေသခံပရဟိတသမားတစ်ဦးဖြစ်သူ ကိုဇင်မိုးက စွန့်ပစ်ခံကလေးငယ်နှစ်ဦး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြခဲ့ပါတယ်။

 

အဆိုပါ ကလေးငယ်နှစ်ဦးဟာ မြဆည်းဆာဂေဟာမှာပင် ကျန်းမာပျော်ရွှင်စွာဖြင့် ရှိနေကြတယ်လို့ ၎င်းက ဆိုပါတယ်။

 

"ကလေးတွေက သူ့မိခင်နဲ့ရော နောက်ထပ်ကူညီပေးမယ့်အဖွဲ့တွေထံ လုံးဝ(လုံးဝ) ပြန်မလိုက်နိုင်ကြောင်း ခါးခါးသီးသီးငြင်းဆိုပါတယ်။ အခုရောက်ရှိနေတဲ့ ကျွန်တော်တို့ မြဆည်းဆာဂေဟာထံမှာပဲ နေထိုင်ပါရစေဆိုပြီး အကြိမ်ကြိမ်လဲ တောင်းဆိုပါတယ်။
ကျွန်တော်တို့ ဘက်ကလဲ တာဝန်ကျေအောင် သူတို့တွေကို အကြိမ်ကြိမ်မေးမြန်းခေါ် ခိုင်းစေပါတယ်။ ကလေးတွေရဲ့ဆုံးဖြတ်ချက်ကတော့ မြဆည်းဆာမှာပဲ နေပါရစေတဲ့။

 

အဲဒီတော့ ကလေးတွေရဲ့ ဦးလေးဆိုသူနဲ့ ပတ်သတ်တဲ့ဆွေမျိုးတွေ ကူညီမယ့်အဖွဲ့တွေကို ကျွန်တော်တို့ ထပ်မံဆွေးနွေးပြီးနောက် ကလေးမလေး (၂)ဦးကို ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့အတူ ကျွန်တော်တို့ မြဆည်းဆာမှ တသက်လုံး တာဝန်ယူမွေးစားလိုက်ပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ကလေးတွေအတွက် စိုးရိမ်နေကြသူတွေလည်း ဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်ထင်ပါတယ်။"လို့ ကိုဇင်မိုးက ၎င်း၏ လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

Photo - Zin Moe(FB)

 

ymg/kg
#Yangon_Media_Group