ရန်ကုန်ဩဂုတ်-၇

၂၀၂၁ခုနှစ် ဇူလိုင် ၆ ရက်နေ့ကနေ ဩဂုတ် ၆ ရက် တစ်လတာအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခဲ့မှုနှင့် အတည်ပြုလူနာတွေ့ရှိခဲ့မှု အခြေအနေတွေကို MOHS ကနေ့စဉ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အပေါ် အခြေခံပြီး Yangon Times အယ်ဒီတာအဖွဲ့က “အခြေပြဂရပ်” ကားချပ်တစ်ခု ရေးဆွဲပြုစုထားပါတယ်။

အများဆုံးစစ်ဆေးခဲ့တာဟာ ဇူလိုင် ၁၄ရက်နေ့ကဖြစ်ပြီး ၂၁၃၅၂ဦး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အများဆုံးတွေ့ရှိရတာကလည်း ဇူလိုင်၁၄ရက်နေ့ပဲဖြစ်ပြီး ၇၀၈၃ ဦးတွေ့ရှိခဲ့တာပါ။ များများစစ်တော့ များများတွေ့တဲ့ အနေအထားဖြစ်ပါတယ်။ အနည်းဆုံးစစ်ဆေးခဲ့တာက ဩဂုတ် ၁ရက်ကဖြစ်ပြီး ၁၀၀၂၀ ဦးစစ်ဆေးခဲ့တာပါ။ အနည်းဆုံးပိုးတွေ့ခဲ့တာက ဇူလိုင်၁၁ရက်ဖြစ်ပြီး ၃၄၆၁ဦးပိုးတွေ့ခဲ့ပါတယ်။

မှတ်ချက်။ ယခုအခြေခံတဲ့ ကိန်းဂဏန်းတွေထဲ အိမ်တွေမှာပဲ မိမိဘာသာ စစ်ဆေး၊ ကုသခံကြတဲ့စာရင်း ပါဝင်နိုင်ခြင်းမရှိပါဘူး။ အဲဒီစာရင်းတွေကလည်း လက်တွေ့မှာ အတိအကျကောက်ယူဖို့ ခက်ခဲပါတယ်။ အဲဒီစာရင်းတွေထည့်ပေါင်းရင် ပိုးတွေ့သူအရေအတွက်ဟာ ဒီထက်ပိုများနေမှာ အသေအချာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု ဦးတည်လမ်းကြောင်း Trendကိုတော့ ဒီဂရပ်က ထင်ဟပ်နိုင်ပါတယ်။