#LocalNews
Published - 18 March 2022

     

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွှေစေတီလမ်းရှိ မိုဘိုင်းဖုန်းဆိုင်တွင် ဒီကနေ့ မတ်လ ၁၈ ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

     အဆိုပါ SUN MOBILE ဖုန်းဆိုင်ဟာ မီးအားမြှင့်စက်အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။"ဖုန်းဆိုင်ဝါယာရှော့ဖြစ်ပြီး မီးလောင်တာပါ။ သိပ်ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ သူ့ဆိုင်ခန်းတစ်ခန်းပဲ လောင်သွားတာပါ။ ဆိုင်ထဲမှာရှိတဲ့ ဖုန်းတွေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေတော့ မီးလောင်ဆုံးရှုံးသွားတာပေါ့။ သူက တိုက်ခန်းဆိုတော့ သူ့တစ်ခန်းပဲလောင်သွားတာပါ။"လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

     အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဘက်စုံလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

     ယင်းမီးလောင်မှုကို မနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ငြိမ်းသတ်နိုင်ခဲ့ပြီး စတင်လောင်ကျွမ်းတဲ့ဖုန်းဆိုင်သာ ပျက်စီးဆုံးရူံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူးလို့သိရပါတယ်။

 

     လက်ရှိမှာတော့ အဆိုပါ SUN MOBILE ဖုန်းဆိုင်၏ မန်နေဂျာဖြစ်သူကို မီးသတ်တပ်ဖွဲ့က မီးပေါ့ဆမှုပုဒ်မဖြင့် အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group