#LocalNews
Published -18 Mar 2022

 

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမတိုင်ခင်က ၃၇၀,၀၀၀ ဦးနဲ့ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ၄၉၅,၃၀၀ ဦး အပါအဝင် ၈၆၅,၇၀၀ ဦးဟာ နေရပ်စွန့်ခွာထွက်ပြေးရလျက်ရှိတယ်လို့ OCHAရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ တပ်မတော်နဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လျက်ရှိနေပြီး အရပ်သားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က နေရာအတော်များများဟာ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးသုံးတိုက်ခိုက်မှုဒဏ်တွေကိုခံရပြီး အရပ်သားသေကြေဒဏ်ရာရမှု၊ တိုက်ပွဲရှောင်စွန့်ခွာထွက်ပြေးရမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

 

တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မတ်လရဲ့ ပထမနဲ့ ဒုတိယရက်သတ္တပတ်အတွင်း ဖာပွန်မြို့နယ်က လူဦးရေ ၇၀၀ ခန့်ဟာ ကမာမောင်းမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း မတ်လဆန်းကတည်းကဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၁၅၀ ခန့်ဟာ ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင်ဖေဖေါ်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၆ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယာယီနေထိုင်ခဲ့ကြတဲ့ လူဦးရေ ၃,၀၅၀ ခန့်ဟာ လွိုင်ကော်မြို့နယ်ထဲက ၎င်းတို့မူလနေထိုင်ရာနေရာများသို့ ပြန်လာခဲ့ကြကာ အလွန်တင်းကြပ်တဲ့ သွားလာခွင့်ဆိုင်ရာ အခြေအနေထဲကမှ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ အကူအညီလိုအပ်နေသူများထံ အရေးပေါ်အကူအညီနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုတွေရောက်ရှိအောင် ပူးပေါင်းကြိုးစားလျက်ရှိတယ်လို့ဆိုပါတယ်။

 

မတ်လ ၇ ရက်နေ့က ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းကဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် လူဦးရေ ၂၂၈,၉၀၀ ခန့်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဆက်လက်တိုက်ပွဲရှောင်နေထိုင်ရလျက်ရှိကာ အဆိုပါတိုက်ပွဲရှောင်နေထိုင်ရသူတွေဟာ ကယားပြည်နယ်မှာ ၉၃,၈၀၀ဦး၊ ကရင်ပြည်နယ်မှာ ၆၉,၁၀၀ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၄,၀၀၀ဦး၊ မွန်ပြည်နယ်မှာ ၇,၅၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃,၇၀၀ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group