#LocalNews
Published_18 March 2022

 

ရခိုင်ပြည်နယ်၏ အကြီးဆုံးစာပေဆုချီးမြှင့်ပွဲတစ်ခုဖြစ်သည့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ကို လာမည့်ဧပြီလ ၉ ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

  အဆိုပါဆုပေးပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု ၊ ကလေး ကဗျာဆု(အချေကဗျာဆု) စုစုပေါင်း ၇ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ပြိုင်ပွဲအတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်က နောက်ဆုံးထားပေးပို့ယှဉ်ပြိုင်ထားကြသည့် စာမူများကို ဆုချီးမြှင့်ရေးကော်မတီမှ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရွေးချယ်စိစစ်နေကြောင်းနှင့် ထိုက်သင့်သည့်ဆုကြေးများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 ကိုလိုနီခေတ်ကထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင်တေးရေးနှင့် စာရေးဆရာ တန်းခိုးဆရာထွန်းအားဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ယင်း “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ကို ၂၀၁၁ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၂ ခုနှစ် ၊ ၂၀၁၃ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တို့တွင် အခြေအနေအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ပေ။

 

 ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ဆုချီးမြှင့်ပွဲတွင် တန်းခိုးထွန်းတစ်သက်တာစာပေဆုကို ဆရာအနောက်သား(စစ်တွေ)ကလည်းကောင်း၊ ဝတ္ထုဆုကို ဆရာမမေလှိုင်းဖြူ(သံတွဲ)ကလည်းကောင်း၊ ဆောင်းပါးဆုကို ကိုယ်တော်ရိုးနွယ်(ကျောက်ဖြူ)ကလည်းကောင်း၊ ကလေးကဗျာဆု(အချေကဗျာဆု)ကို ဆရာ ဈာန်ဟိန်း(မြောင်းဘွေ)ကလည်းကောင်း၊ ကဗျာဆုကို ကိုယ်တော်ဥက္ကာမင်းညိုကလည်းကောင်း၊ ဂီတစာဆိုဆုကို အဆိုတော်ဝင်းကိုခိုင်ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

 

ymg/mt
#Yangon_Media_Group