#LocalNews
Published - 18 March 2022

     

     လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်အချို့တွင် သုံးရေများပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ပရဟိတအဖွဲ့များက ရေများကို ဘောက်ဆာကားများဖြင့် ဝေငှလှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။

 

     "မီးမလာတော့ ရေတင်လို့မရဘူးပေါ့။ နေ့စဥ်ဝယ်သုံးဖို့ဆိုတာကလည်း အဆင်မပြေဘူးလေ။ မီးလာတဲ့အချိန်ကိုပဲစောင့်ပြီး ရေကိုအလုအယက်တင်နေရတာ။ တခါတလေလည်း ရေရလိုက်တာရှိသလို ရေအားမပြည့်လို့ ရေမရလိုက်တာတွေလည်းရှိတယ်။လျှပ်စစ်မီးက တော်တော်လေးပြတ်နေတော့ ရေတင်ဖို့က လုံးဝကိုအဆင်မပြေတာပါ။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူပြည်သူတစ်ဦးက သုံးရေအခက်အခဲနဲ့ပတ်သက်ပြီး အခုလိုပြောပြပေးခဲ့ပါတယ်။

 

     ယင်းကဲ့သို့ သုံးရေပြတ်လပ်နေမှုများကြောင့် ရန်ကုန်မြို့၏ မြို့နယ်အချို့တွင် အခကြေးငွေဖြင့် ရေတင်မီးစက်ဖြင့်ရေတင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူအချို့လည်း ရှိလာခဲ့ပါတယ်။

 

     "တစ်ခါတစ်လေ တစ်ရက်လုံးမှ မီး သုံး၊ လေး နာရီပဲလာတဲ့ရက်တွေရှိတယ်။ လာလိုက်၊ပျက်လိုက်နဲ့ မီးမလာတာက ချက်ရေးပြုတ် ရေးကျ မီးသွေးနဲ့ချက်လို့ရပေမယ့် ရေကျတော့ အခက်အခဲရှိတယ်။ ဘဝတွေက ဘယ်လိုတွေဖြစ်နေလဲဆိုတော့ တူရာတွေစုကယ်ပါတွေအော်ကူရာတွေပျောက် ကောက်ရိုးတမျှင်ကောက် အဲ့လိုဖြစ်နေတာပေါ့။"လို့ တောင်ဒဂုံမြို့နယ်အတွင်းမှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

     ဒါ့အပြင် ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့တွင် သုံးရေကို ဝယ်ယူသုံးစွဲနေရသည်များလည်းရှိနေပြီး သုံးရေတစ်စည်လျှင် တိုက်ခန်းအလွှာအလိုက် ကျပ် ၁,၅၀၀ မှ ကျပ် ၃,၀၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

 

     "အလှူရှင်တွေလှူဒါန်းတဲ့ ပိုက်ဆံလေးတွေစုပြီး ရသလောက်လေးတော့ ရေဘောက်ဆာကားတွေနဲ့ လိုက်လံလှူဒါန်းပေးနေပါတယ်။ အဓိက သုံးရေလိုတဲ့ မြို့နယ်/ရပ်ကွက်တွေကို ဦးစားပေးပြီးတော့ လိုက်လှူဒါန်းပေးနေပါတယ်။ ဒါကလည်း တစ်ပိုင်၊တစ်နိုင် ပေါ့၊ ရေရှည်လှူဖို့ကျတော့လည်း အခက်အခဲလေးတွေရှိပါတယ်။"လို့ ပရဟိတသမားတစ်ဦးကလည်း YMG ကို ပြောပြခဲ့ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group