#Local_Health
Published_ 18 March 2022

 

ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)တွင် စမ်းသပ်ထုတ်လုပ်အောင်မြင်ပြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm စတင်ထုတ်လုပ်ခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို မတ် ၂၃ ရက်တွင် ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

 

နစက စက်မှုဝန်ကြီးဌာနကထုတ်လုပ်သော အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ ဖြန့်ဖြူးပေးသွားရန် ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

 

Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် အရေအတွက် Dose ၁၀ သန်း ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG မှပညာရှင်များ၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှုကို ရေတိုအစီအစဉ်အနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG နှင့်ပူးပေါင်း၍ ပုလင်းသွင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RFT Bulk) ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/Finish) ပြုလုပ် ခြင်းကို ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) တွင်ဆောင်ရွက်ခဲ့ပြီး၊ စီးပွားဖြစ်ထုတ်လုပ်ခြင်းကို မတ် ၁၀ ရက်တွင် လုပ်ဆောင်ခဲ့ပါတယ်။

 

#ymg_mnn
#Yangon_Media_Group