ရန်ကုန် ဩဂုတ် ၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌဟောင်းဦးရဲမင်းဦးကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နဲ့အမှုဖွင့်ထားတယ်လို့ သြဂုတ် ၅ ရက် ညပိုင်းက နစကက သတင်းထုတ်ပြန်လိုက်ပါတယ်။

 နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့ဒုတိယမြို့တော်ဝန်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ဦးရဲမင်းဦးရဲ့ ဆောင်ရွက်ချက်များတွေနဲ့ နေပြည်တော်မြို့မဈေးက မီဒီယာစင်တာ ဆောက်လုပ်ခြင်းတွေနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ်ပေးဖို့ တိုင်ကြားတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေးခဲ့တာဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ ဦးရဲမင်းဦး အနေနဲ့ တာဝန်တွေထမ်းဆောင်စဉ်ကနေပြည်တော်ဖွံဖြိုးရေးဘဏ်ရဲ့ ဘဏ်အမည် သစ်ပြောင်းလဲမှုနဲ့ အများပြည်သူ ဝန်ဆောင်မှုများပေးနိုင်စေရန် Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာမှာနိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများကို ဖောက်ဖျက်ပြီး ဝန်ဆောင်မှုကို အခြားကုမ္ပဏီများ ထက် အခကြေးငွေပိုမိုရယူကာ အမှန်တကယ်လုပ်ငန်းတည်ရှိမှုမရှိတဲ့၎င်းနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတစ်ခုသို့ ၂၀၂၀ ခုနှစ် သြဂုတ် ၃ ရက်မှာ ကြော်ငြာလုပ်ငန်းငှားရမ်း ခြင်းပြုရာ ကျပ် ၂၈ သန်းကျော်ကိုပိုမိုခွင့်ပြု တာတွေရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဦးရဲမင်းဦးအနေနဲ့ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေမူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ မြေဂရန် သက်တမ်းကုန်ဆုံးနေခြင်း၊ ဂရန်အမည်ပေါက် ပြောင်းလဲရန်လိုအပ်ခြင်း စတဲ့ စာ ရွက်စာတမ်း အထောက်အထား မပြည့်စုံဘဲ ၎င်းနဲ့ဆက်စပ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ၂၀၂၀ ခုနှစ် မတ် ၁၆ ရက်တွင် ကျပ်သန်း ၁၇၀ ကို စာချုပ်ချုပ်ဆိုထုတ်ချေးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီးလူပုဂ္ဂိုလ်တစ်ဦးကိုနေပြည်တော်ဖွံ့ဖြိုးရေးဘဏ်က ငွေချေးယူရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲမှု ကော်မတီမှ ငွေကျပ်သန်း ၄၂၅၀ သာ ချေးယူသင့်ကြောင်း အကြံပြု တင်ပြမှု ကို လျစ်လျူရှုပြီးချေးငွေကျပ်သန်း ၄၅၀၀ကို၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ချေးယူခွင့်ပြုခဲ့ခြင်း၊ ထပ်တိုးချေးငွေကျပ် သန်း ၄၅၀ အား ထပ်မံခွင့်ပြုခဲ့ခြင်း တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ထပ်မံ၍ပုဂ္ဂိုလ်တစ်ဦးက မြေနဲ့ အိမ်ကို အာမခံပြုလုပ်ကာ ချေးငွေရယူထား မှုကို ချေးငွေ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီက ထောက် ခံတဲ့ ငွေကျပ်သန်း ၄၇၁၉ အပေါ် ကျပ် ၈၁ သန်း ပိုမိုပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျပ်သန်း ၄၈၀၀ ထုတ်ချေးခဲ့ ခြင်း၊ ထို့ပြင်နေပြည်တော်မြို့မဈေး မှာ Information Center တည်ဆောက်ရန် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနဲ့အညီတင်ဒါခေါ်ယူဆောင်ရွက်မှုမရှိခြင်း၊ကုမ္ပဏီတင်ဒါစီမံကိန်း မဟုတ်ဘဲ တင်ဒါစီမံကိန်းဟုဖော်ပြပြီးနေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေအဖြစ် ငွေကျပ် ၅၉ သန်းကျော် ချေးယူရာတွင် ထုတ်ချေးရန်အတည်ပြုဆုံးဖြတ်ခဲ့တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဦးရဲမင်းဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁)နဲ့ အမှတ်(၅)မြို့မရဲစခန်းတို့ မှာ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ နစကက သတင်းထုတ်ပြန်ထားပါတယ်။