#LocalNews

Published- 15 Mar 2022
မြန်မာ-ထိုင်းနယ်စပ်ကိုပို့ဆောင်မယ့် ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကိုကျိုက်ထိုမြို့ နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပဲခူးမှ မော်လမြိုင်ဘက်သို့ ဘိုဘို(၃၇)နှစ် မောင်းနှင်လာသည့် ISUZU ၆ ဘီး ကွန်တိန်နာဘောက်ယာဉ် အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုနှင့် ကတ်တမင်း ၇၉၈ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်(မြောက်ပိုင်း)မှ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

ymg/hm
#Yangon_Media_Group