#LocalNews
Published_15 March 2022

ကိုလိုနီခေတ်က မျိုးချစ်၊ဒီးဒုတ်ဂျာနယ် တို့တွင် သတင်းထောက် လုပ်ခဲ့သူလည်းဖြစ်၊ရုပ်ရှင်မင်းသားလည်း ဖြစ်၊ အသုဘ အလောင်းပြင်သူလည်း ဖြစ်သော သရုပ်ဆောင် ဦးဝင်းမြင့် မတ်လ ၁၄ ရက်က သူ့နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ယင်း၏ရုပ်အလောင်း ကို မတ်လ ၁၆ ရက် တွင် သဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

"ရန်ကင်းသူ ရန်ကင်းသားတွေက သူ့ကို သိကြတယ်။ နာရေးဆို သိသိ မသိသိ သူရောက်လာတယ်၊သူ့ထမင်းသူစားပြီး လိုအပ်တာ ကူညီတယ်။ကျွန်တော်ကျောင်းသားဘဝက ရန်ကင်းက သူငယ်ချင်း အဖွားဆုံးတော့ သူရောက်လာတယ်၊ အိမ်သားတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိခင် သူက ဦးဆောင်တယ်၊ ရပ်ကွက်ကလူတွေ သူခိုင်းစရာရှိတာခိုင်းခဲ့ပြီး ကားတစ်စင်းနဲ့ ပထမဆုံး ကြံတောသင်္ချိုင်းရှေ့က သူ့ဘော်ဒါ အခေါင်းနဲ့ နိဗ္ဗာန်ယာဉ် နေရာကို အရင်မောင်းခိုင်းတယ်၊ သူက မီးလွတ်စားတော့ ဟိုက ငှက်ပျောသီးတွေ ချကျွေးတယ်၊ စားဆိုပြီး သူက ယူစားပေမယ့် ကျွန်တော်တို့က မစားရဲ၊ နောက် ကြည့်မြင်တိုင် ကမ်းနားလမ်းက မြို့မခင် ယပ်တောင်ဆိုင်၊ နောက်တရုတ်တန်း နေကြာ ကွာစိ ဆေးလိပ် ဖဲထုပ်တောင်ပါသေး၊ နာရေးအိမ် ရန်ကင်းပြန်ရောက်တော့ မဏ္ဍာပ်ထိုး ခုံခင်းပြီး အဆင်သင့်၊ ထင်ရှားတဲ့ ရုပ်ရှင်မင်းသားကြီး ဦးဝင်းမြင့် အသက်၉၃နှစ်မှာ ကွယ်လွန်ရှာပီ"ဟု ရန်ကင်းမြို့နယ်အတွင်း နေထိုင်သူ တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရုပ်ရှင်မင်းသား ဦးဝင်းမြင့်သည် မှုန်ရွှေရည်၊ချစ်ကိုချစ်တယ်၊ဖြေနိုင်ပေါင်၊အားနွဲ့ သူပါရှင်၊မိုးတည ချစ်သူ စသည့် ရှေးခေတ် ဇတ်ကားကောင်းများတွင် ပီပြင်သော သရုပ်ဆောင်မှုကြောင့် လူသိများထင်ရှားခဲ့သူ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်နှစ်၁၀၀ ပြည့်သည့်အချိန်တွင် မြန်မာ့ရုပ်ရှင်လောကကို စတင်ဖြစ်ပေါ်လာအောင်ကြိုးစားဆောင်ရွက်ခဲ့သူများအလွန်ရှားပါးခဲ့ရာ ယင်းအထဲမှ အသက်၉၃နှစ်ရှိနေပြီဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်၊သတင်းစာဆရာ၊ စာရေးဆရာ၊ တစ်ကိုယ်တော်ပရဟိတနာရေးကူညီရေးသမားကြီးမင်းသားကြီးဝင်းမြင့်(ဦး) အနေဖြင့် ရုပ်ရှင်လောက၌ ကျင်လည်ကျက်စားခဲ့ရသည့်အတွေ့အကြုံများနှင့် ရုပ်ရှင်နှစ်၁၀၀ပြည့်တွင် ရုပ်ရှင်လောကသားများအတွက်အသိပေးမှာကြားချက်များ၊ သတင်းသမားဘဝ၊ စာရေးဆရာဘဝတွင် တွေ့ကြုံခဲ့ရသည့် တန်ဖိုးမဖြတ်နိုင်သည့် စိတ်ဝင်စားမှတ်သားဖွယ်ရာအကြောင်းများနှင့် တစ်ကိုယ်တော်ပရဟိတနာရေးကူညီရေးသမားတစ်ဦးအဖြစ်နှစ်ပေါင်း၄၀ခန့် လုပ်ဆောင်ရာတွင် တွေ့ကြုံခဲ့ရသည့်စိတ်ဝင်စားဖွယ်ရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်စဉ်များနှင့်လူတိုင်းလိုက်နာကျင့်ကြံသင့်သည့်စိတ်ဓာတ်ခွန်အားဖြစ်ဖွယ်ရာအကြောင်းများကို “ကျွန်တော် ဆုံတွေ့ခဲ့ဖူးသော ထင်ပေါ်ကျော်ကြား အနုပညာကြယ်ပွင့်များ” အမည်ဖြင့် စာရေးသူ သာဉာဏ်(ရန်ကင်း) က မေးမြန်းခဲ့ရာတွင် "အိုပယ်ကြီးတွေဆီမှာ ရှိနေတဲ့အသိတွေကို ဒီခေတ်လူတွေ ယူရမယ်။ တန်ဖိုးဆိုတာ အဲဒါပဲ"ဟု ဦးဝင်းမြင့်က ပြောခဲ့ဖူးသေးသည်။

ymg/mt
Yangon_Media_Group